ဂီတ တူရိယာတွေဟာ များသောအားဖြင့် နေရာဒေသ ၊ ရေမြေသဘာဝနဲ့ လူမျိုးစုတွေအပေါ် အခြေခံပြီး ပုံစံအမျိုးမျိုး ကွဲလွဲကြပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ကမ္ဘာပေါ်မှာ ဂီတ တူရိယာ အမျိုးပေါင်း ၁၅၀၀ ကျော် ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ရှေးနှစ်ပေါင်းများစွာကနေ ယနေ့အချိန်အထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြတဲ့ စိတ်ဝင်စားစရာ ဂီတတူရိယာတွေ အများကြီးကို ရှိနေပါတယ်။ ဒီထဲကမှ တော်ရုံမြင်တွေ့ရခဲတဲ့ ထူးထူးခြားခြား တူရိယာ အဆန်းကြီးတွေအကြောင်း ဗဟုသုတအနေနဲ့ တင်ဆက်ပေးချင်ပါတယ်။

(၁) Cimbalom

Cimbalom

Photo : Siachen Studios

Cimbalom ဆိုတာကတော့ တော်တော်ကြီးကို ထူးဆန်းတဲ့ ဂီတ တူရိယာ တွေထဲက တစ်ခုပါ။ သေတ္တာလို Box ကြီးပေါ်မှာ ကန့်လန့်ဖြတ် သတ္တု/သံမဏိကြိုးတွေ တပ်ဆင်ထားပါတယ်။ တုတ်နှစ်ချောင်းကို အသုံးပြုပြီး အသံထွက်အောင် တီးခတ်ရတာ ဖြစ်ပြီး ကြိုးပေါင်း ၁၂၅ ကြိုး တပ်ဆင်ထားပါတယ်။ Cimbalom တူရိယာကို V. Joseph Schunda လို့ခေါ်တဲ့ တူရိယာဖန်တီးသူက ၁၈၇၄ ခုနှစ်မှာ စတင်တီထွင်ခဲ့တာ ဖြစ်ပြီး Ukraine ၊ Hungary ၊ Romania ၊ Slovakia ၊ Moldova နဲ့ Moravia အပါအဝင် နိုင်ငံတော်တော်များများမှာ ရေပန်းစားခဲ့ပါတယ်။

(၂) Theremin

Theremin

Photo : Wikipedia

ဒီဂီတ တူရိယာကိုတော့ Theremin သို့မဟုတ် Thereminophone လို့ခေါ်ပါတယ်။ ရုရှားလူမျိုး တီထွင်ဖန်တီးသူ Leon Theremin ဆိုသူက ၁၉၂၈ ခုနှစ်မှာ စတင်ဖန်တီးခဲ့ပါတယ်။ Theremin တူရိယာက Physical Contact မရှိပဲ ထိန်းချုပ်တီးခတ်နိုင်တဲ့ အီလက်ထရွန်းနစ်ဂီတတူရိယာ တစ်ခု ဖြစ်ပါတယ်။

(၃) Sharpsicord

Sharpsicord

Photo : Faversham Life

ဂီတတူရိယာ ဖန်တီးသူ Henry Dagg က Sharpsicord လို့ခေါ်တဲ့ ပုံမှန်ထက် ထူးခြားတဲ့ တူရိယာကို တီထွင်ခဲ့ပါတယ်။ Sharpsicord ဟာ ဆလင်ဒါ ၁၁ လုံးပါတဲ့ တူရိယာ ဖြစ်ပြီး ရစ်ဘီးကို လှည့်ခြင်းဖြင့် အတွင်းက ကြိုးတွေရိုက်ခတ်ကာ ဂီတအသံကို ထွက်စေပါတယ်။ Sharpsicord တူရိယာမှာ ကြိုးပေါင်း လေးဆယ့်ခြောက်ကြိုးနဲ့ ဆလင်ဒါ ဆယ့်တစ်ခုပါရှိပြီး ဒီတူရိယာကို ဖန်တီးဖို့ အချိန် ငါးနှစ် ကြာခဲ့တယ်လို့ သိရပါတယ်။ အလေးချိန်ကတော့ နှစ်တန်ခွဲခန့်ရှိပြီး အမြင့် ဆယ်ပေရှိပါတယ်။

(၄) Picasso Guitar

Picasso Guitar

Photo : In Arte Matt

Picasso Guitar ကတော့ မြင်ဖူးနေကျ ဂစ်တာတွေနဲ့ မတူတဲ့ ကြိုးတပ် တူရိယာ တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ကြိုးတန်းအပိုင်းလေးခုနဲ့ လေးဆယ့်နှစ်ကြိုးတပ်ဆင်ထားတဲ့ လေးလုံးတွဲ ဂစ်တာတစ်လုံးပါ။ တူရိယာဖန်တီးသူ Master Luthier Linda Manzer က ဂျက်ဇ်နတ်ဘုရားလို့ တင်စားကြတဲ့ Pat Metheny အတွက် ၁၉၇၀ ခုနှစ်အနှောင်းပိုင်းမှာ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

(၅) Yaybahar

Photo : Wikipedia

Yaybahar ကတော့ စွဲမက်ဖွယ်ကောင်းတဲ့ ဂီတအသံကို ပေးစွမ်းတဲ့ ထူးထူးခြားခြား တူရိယာတစ်မျိုး ဖြစ်ပါတယ်။ တူရကီဂီတပညာရှင် Gorkem Sen က ဒီ Yaybahar တူရိယာကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ “Yay” ဆိုတာ ကြိုးတစ်ချောင်းဖြစ်ပြီး “bahar” ကတော့ နွေဦးရာသီကို ဖော်ညွှန်းတာ ဖြစ်ပါတယ်။ Yaybahar ဟာ ယေဘူယျအားဖြင့် Acoustic String Synthesizer ဖြစ်ပါတယ်။ Hostiles ၊ Intruder ၊ Seaborne စသည်ဖြင့် အမျိုးမျိုးသော ဂီတအယ်လ်ဘမ်တွေ ၊ သီချင်းတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာပါ Yaybahar ကို ထည့်သွင်းတီးခတ် အသုံးပြုခဲ့ကြပါတယ်။

Featured Photo : Alchetron