ချဲလ်ဆီး ကွင်းလယ်ကစားသမား ရိုမီယို လာဗီးယား ကတော့ ဒဏ်ရာအခြေအနေ ကနေ ပြန်လည်သက်သာလာစေဖို့ ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။

Romeo Lavia

Photo : Goal.com

အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားဟာ ဒီဇင်ဘာလတုန်းက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မှာပဲ ပေါင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆောက်သမ်တန်အသင်းကနေ ပေါင် ၅၃ သန်းနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမားဟာ ” ယခုလက်ကျန် ရာသီအတွင်း ချဲလ်ဆီးအသင်းအတွက် ထပ်မံပါဝင်ကစားနိုင်တော့မှာ မဟုတ်ဘူး” လို့ ဖော်ပြထားပါတယ်။

ကွင်းလယ်လူ လာဗီးယား ဟာ စက်တင်ဘာလတုန်းက ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းနဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီး ရာသီအစောပိုင်း ကာလတွေမှာကတည်းက ကာလကြာရှည် ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းကတော့ ယခုရာသီအတွင်း ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပြီး လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ဘန်လေနဲ့ ကစားမယ့် ပွဲစဉ်မှာ ကစားသမား ၈ ဦးအထိ လွဲချော်ရဖွယ် ရှိနေပါတယ်။

တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူ ၊ ညာနောက်ခံလူ ရီစီ ဂျိမ်း ၊ နောက်ခံလူ လီဗိုက် ကိုးဝေးလ် ၊ ကွင်းလယ်လူ အူဂိုချူကူးနဲ့ ခံစစ်မှူး ဖိုဖာနာ တို့ဟာ အသီးသီး ဒဏ်ရာအခြေအနေတွေကြောင့် အသင်းနဲ့ လေ့ကျင့်ရေးပင် မဆင်းနိုင်သေးတဲ့ အနေအထားမှာ ရှိပါတယ်။

 Romeo Lavia

Photo : Yahoo Sports

အသက် ၂၁ နှစ်အရွယ် ညာနောက်ခံလူ မာလို ဂတ်စ်တိုကလည်း ဗိုင်းရပ်ပိုး ကူးစက်ခံထားရတာကြောင့် ပြီးခဲ့တဲ့ အပတ်ထဲမှာ ပြင်သစ်အသင်းကနေ နုတ်ထွက်လာခဲ့ပြီး ကလပ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနို ကတော့ အခုလာမယ့် စနေနေ့မှာ ကစားသွားမယ့် ဘန်လေနဲ့ ပွဲစဉ်မှာ ဂတ်စ်တိုကို ထည့်သွင်းကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ချဲလ်ဆီး ကွင်းလယ်ကစားသမား ကာနေး ချူဝယ်မေကာနဲ့ ကိုးလ် ပါလ်မာတို့ကလည်း ဒဏ်ရာအခြေအနေတွေကြောင့် နိုင်ငံတကာခရီးစဉ်ကနေ အသီးသီး ပြန်လာခဲ့ကြရပြီး ဒီရာသီကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေဟာ ကလပ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Featured Photo : Supersport.com