ပေါ်တူဂီလူမျိုး ဝါရင့်နည်းပြကြီး ဟိုဆေး မော်ရင်ဟို ကတော့ ဒီနွေရာသီမှာ နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်သွားတော့မယ်လို့ အတည်ပြုပြောကြား လိုက်ပါတယ်။

Jose Mourinho

Photo : SPORTbible

အသက် ၆၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ စပယ်ရှယ်ဝမ်းဟာ စီးရီးအေကလပ် ရိုးမားအသင်းကို နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလား ရယူပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟို ကို ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် သောမတ်တူဟယ်လ် နေရာမှာ မော်ရင်ကို အစားထိုးခေါ်ယူဖို့ စဉ်းစားနေသလို ဂျာမနီကထွက်ပေါ်လာတဲ့ သတင်းတွေအရ မော်ရင်ဟိုဟာ ဘိုင်ယန်ကို ကိုင်တွယ်ဖို့ ဂျာမန်ဘာသာစကားကိုပင် သင်ယူနေပြီလို့ ဆိုထားပါတယ်။

ချဲလ်ဆီးအသင်း အနေနဲ့လည်း ဒီရာသီ နည်းပြ ပိုချက်တီနို လက်အောက် ရလဒ်ဆိုးရွားနေပြီး ယခင် ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြမော်ရင်ဟိုကို ပြန်လည်ခန့်အပ်ဖို့ ပရိသတ်တွေ တောင်းဆိုနေကြပါတယ်။

မော်ရင်ဟို ကို ၎င်းရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာတော့ ” သုညက သုညပါပဲ။ ကျွန်တော့်မှာ ကလပ်အသင်း မရှိသေးပါဘူး။ ကျွန်တော် အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော် အလုပ်ပြန်လုပ်ချင်နေပါတယ်။ အခုနွေရာသီမှာပဲ ကျွန်တော်အလုပ်တွေ ပြန်လုပ်သွားချင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Jose Mourinho

Photo : Yahoo Finance

တစ်ဆက်တည်းမှာပဲ ပေါ်တူဂီလူမျိုး နည်းပြကြီးကို မြေရပ်မြေ ပေါ်တူဂီပြည်တွင်း ကလပ်တွေကို ပြန်လည်ကိုင်တွယ်ဖို့ ရှိ ၊ မရှိ မေးမြန်းခဲ့ရာမှာတော့ ” အထူးသဖြင့် ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ ဘယ်တော့မှ မပြောမိပါစေနဲ့။ ဘောလုံးက ကျွန်တော့်ရဲ့ဘဝပါပဲ။ ကျွန်တော် ဘယ်နေရာမှာမဆို နည်းပြအလုပ်ကို လုပ်နိုင်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး” လို့ ဖြေကြားသွားခဲ့ပါတယ်။

Featured Photo : SPORTbible