အေဂျက်စ်ကြယ်ပွင့် အန်တိုနီ ဟာ လာမယ့်ရက်ပိုင်းအတွင်း မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်နေပါပြီ။ ယူနိုက်တက်အသင်းဟာ ဒတ်ချ်ချန်ပီယံအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး အဆိုပါတောင်ပံကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၈၀.၇၅ သန်းအပြင် အပိုဆုကြေး ပေါင် ၄.၂၅ သန်းပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင် ကစားသမားဟာ ၂၀၁၆ ခုနှစ်က စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ဂျူဗင်တပ်စ်အသင်းကနေ ခေါ်ယူခဲ့တဲ့ ပေါ့ဂ်ဘာပြီးရင် ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ အတူ ဒုတိယပြောင်းရွေ့ကြေး အမြင့်ဆုံးခေါ်ယူမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

Photo : SPORTbible

အန်တိုနီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ရဲ့ ပဉ္စမမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်လာမှာဖြစ်ပြီး ယူနိုက်တက်အသင်းက ၎င်းရဲ့ အေဂျက်စ်အသင်းဖော်ဟောင်း လီဆန်ဒရို မာတီနက်ဇ် ၊ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူခဲ့တဲ့ ကာစီမီရို ၊ ဖီယင်နုအသင်းက မာလာစီယာနဲ့ ခရစ္စတီယာနို အဲရစ်ဆင်တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ၂၀၂၀ ခုနှစ်မှာ ဆော်ပေါ်လိုအသင်းကနေ အေဂျက်စ်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက နယ်သာလန်အသင်းအတွက် ပွဲပေါင်း ၈၂ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ အန်တိုနီဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိဖို့ နီးစပ်လာနေပြီဖြစ်တာကြောင့် အပြောင်းအရွှေ့ ရာသီပိတ်ကာလတွေမှာ ယူနိုက်တက်အတွက် အဓိကအင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာစေမှာ ဖြစ်ပါတယ်။

အန်တိုနီရဲ့ အပြောင်းအရွှေ့ဟာ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးနဲ့တွေ့ဆုံရမယ့်ပွဲစဉ်တိုင်းမှာလည်း မကျေနပ်စရာအခြေအနေတစ်ခု ဖြစ်လာဖို့လည်း ရှိနေပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလတုန်းက အန်တိုနီဟာ ဘင်ဖီကာနဲ့ အေဂျက်စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဘင်ဖီကာကစားသမားဟောင်း လက်ရှိလီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

၎င်းတို့ နှစ်ဦးဟာ လစ္စဘွန်းမှာ ၂ – ၂ ဂိုးသရေရလဒ်နဲ့ အကြိတ်အနယ် ကစားခဲ့တဲ့ ပွဲစဉ်ဒုတိယပိုင်းမှာ ဘောလုံးယှဉ်လုစဉ် အချင်းများခဲ့ကြတာ ဖြစ်ပါတယ်။ အန်တိုနီက ဒါဝင်နူနက်ဇ်ကို ဦးခေါင်းနဲ့တိုက်ခဲ့ရာ ဥရုဂွေးတိုက်စစ်မှူးက အကယ်ဒမီရှော့ သရုပ်ဆောင်ချက်နဲ့ မြက်ခင်းပေါ် ဟန်ဆောင်လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးသားဟာ ကံကောင်းစွာနဲ့ ဒီဖြစ်ရပ်အတွက် အဝါကတ်သာ ပြသခြင်း ခံခဲ့ရပါတယ်။

Photo : talkSPORT

နယ်သာလန်မှာကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာတော့ ဘင်ဖီကာက အေဂျက်စ်ကို ၁ – ၀ ဂိုးရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ကွာတာဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာတော့ ဘင်ဖီကာဟာ နူနက်ဇ်ရဲ့ အနာဂတ်အသင်းဖြစ်လာမယ့် လီဗာပူးနဲ့တွေ့ဆုံပြီး နှစ်ကျော့ပေါင်း ၆-၄ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နူနက်ဇ်ဟာ လီဗာပူးကိုရောက်ရှိခဲ့ပြီးနောက် ယခုလအစောပိုင်းက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့ ပွဲစဉ်မှာလည်း အလားတူ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ တစ်ဖက် ၁ – ၁ ဂိုးစီ သရေကျခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ပဲလေ့စ်နောက်ခံလူ အန်ဒါဆင်ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် ဥရုဂွေးတိုက်စစ်မှူးဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အန်တိုနီ အနေနဲ့တော့ မျှော်မှန်းထားသလို ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ဖြစ်ခဲ့ပါက မတ်လ ၂၃ ရက်နေ့ ရာသီအနှောင်းပိုင်းမှာ ရင်ဆိုင်ရမယ့် လီဗာပူးနဲ့ ပွဲစဉ်မှာ နူနက်ဇ်နဲ့ တကြော့ပြန် တွေ့ဆုံသွားရဦးမှာပဲ ဖြစ်ပါတယ်။

Featured Photo : SPORTbible