ဒိုက်ထိုး ခြင်းဟာ ကြွက်သားတွေသန်မာစေပြီး တောင့်တောင့်ဖြောင့်ဖြောင့် ဘော်ဒီရဖို့အတွက် အထိရောက်ဆုံး ကိရိယာလွတ် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းက ပြင်းထန်တဲ့ အားကစားနည်းတွေ ကစားကြသူတွေအတွက် သာမဟုတ်ပဲ သမားရိုးကျ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ချင်သူတွေအတွက်လည်း တော်တော်‌လေးကို အကျိုးထူးတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခုမှစပြီး ဒိုက်ထိုး လေ့ကျင့်ခန်းလုပ်ဖို့ နောက်မကျသေးပါဘူး။ ဒိုက်ထိုးလေ့ကျင့်ခန်း စလုပ်တာနဲ့ အခုပြောပြမယ့် အကျိုးကျေးဇူးတွေ ရရှိမှာပါ။

(၁) မတူညီတဲ့ ကြွက်သားအုပ်စု တော်တော်များများအပေါ် ထိရောက်မှုရှိစေတယ်

ဒိုက်ထိုး
Photo : Steel Supplements

ဒိုက်ထိုး တဲ့အခါ အဓိကအားဖြင့် ရင်ဘတ်နဲ့ လက်မောင်းကြွက်သားတွေကို ကျစ်လစ်သန်မာလာစေတယ်လို့ တော်တော်များများ လက်ခံထားပါတယ်။ တကယ်တော့ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ Compound Exercise တစ်ခုဖြစ်တဲ့အတွက် တစ်ချိန်တည်းမှာတင် မတူညီတဲ့ ကြွက်သားအုပ်စု တော်တော်များများကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ကွီးတို့ ဒိုက်ထိုးလေ့ကျင့်ခန်း စလုပ်ပြီဆိုတာနဲ့ ရင်ဘတ် (Pectorals) ၊ ပခုံး (Deltoids) ၊ လက်မောင်း (Triceps နဲ့ Biceps) ၊ နောက်ကျော (Latissimus Dorsi နဲ့ Erector Spinae) ၊ ဝမ်းဗိုက်နဲ့ တင်ကြွက်သားတွေ သန်မာလာပါလိမ့်မယ်။

(၂) ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြံ့ခိုင်သန်မာစေတယ်

ဒိုက်ထိုး

Photo : GQ Germany

ခန္ဓာကိုယ် အပေါ်ပိုင်းမှာရှိတဲ့ ကြွက်သားတွေကို သန်မာစေပြီး ဘော်ဒီတောင့်တဲ့ ဘီးကျဲတစ်ယောက်ဖြစ်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုကတော့ ဒိုက်ထိုး ခြင်းပါပဲ။ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ Chest ၊ Triceps နဲ့ Shoulders တွေရဲ့ ကျစ်လစ်ကြံ့ခိုင်မှုကို တိုးစေပါတယ်။ ဒီကြွက် သားတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ သိပ်ကိုအရေးပါပြီး ပစ္စည်းကုန်းကောက်တာကနေ ဈေးဝယ်လှည်းတွန်းတာအထိ လှုပ်ရှားမှုများစွာအတွက် အသုံးပြုနေရတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြံ့ခိုင်မှု ပိုမိုအားကောင်းလာတာနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

(၃) ကိုယ်ဟန်အနေအထားကို တိုးတက်စေတယ်

ဒိုက်ထိုး

Photo : Coastal Orthopedics

ဒိုက်ထိုး လေ့ကျင့်ခန်းဟာ ကိုယ်ဟန်အနေအထားအတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒိုက်ထိုးတဲ့အခါ နောက်ကျော၊ ပခုံးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေခြင်းဖြင့် ကွီးတို့ရဲ့ ကိုယ်ဟန်အနေအထားကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်ဟန်အနေအထား ပုံမမှန်တာဟာ ခါးနာခြင်း ၊ ခေါင်းကိုက်ခြင်းနဲ့ အသက်ရှူမဝခြင်း တို့အပြင် ကြွက်သားနာကျင်ကိုက်ခဲခြင်းတွေကိုပါ ဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဟန်အနေအထား တိုးတက်ကောင်းမွန်စေဖို့ ဒိုက်ထိုးခြင်းဟာ အတောင်းဆုံး အဖြေတစ်ခုပဲ ဖြစ်ပါတယ်။

(၄) အရိုးတွေကို သန်မာစေတယ်

Photo : Fracture Healing

အမျိုးသားတွေမှာ အသက်ကြီးလာလေ အရိုးသိပ်သည်းဆ ပိုနိမ့်လာပြီး အရိုးပွရောဂါကဲ့သို့ အရိုးကျိုးနိုင်ခြေ မြင့်မားလေဖြစ်ပါတယ်။ ဒီအတွက် သတင်းကောင်းကတော့ ဒိုက်ထိုးလေ့ကျင့်ခန်းပါပဲ။ ဒိုက်ထိုး လေ့ကျင့်ခန်းကဲ့သို့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး Resistance တိုးစေတဲ့ Exercises တွေဟာ အရိုးအဆစ်တွေရဲ့ ကြံ့ခိုင်သန်မာမှုကို တိုးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဒိုက်ထိုး လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုပါက ကွီးတို့ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေ သန်မာလာမှာ ဖြစ်ပါတယ်။

(၅) နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတယ်

Photo : Nature Made

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အရွယ်ရောက်ပြီးသူတွေရဲ့ သေဆုံးမှုအများဆုံး ရောဂါအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Aerobics နဲ့ Strength Training အပါအဝင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာက နှလုံးရောဂါအန္တရာယ် ဖြစ်ပွားနိုင်မှုကို လျော့နည်းစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့ကို ဒိုက် အချက် ၄၀ ထိုးတဲ့ အမျိုးသားတွေဟာ  ဒိုက် ၁၀ ချက်ထိုးတဲ့ အမျိုးသားတွေထက် နောက်ထပ် ၁၀ နှစ်အတွင်း နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ရာခိုင်နှုန်း ပိုမိုနည်းပါးတယ်လို့ ဆိုထားပါတယ်။ နှလုံးရဲ့အလုံးစုံ ကျန်းမာရေးကို မြှင့်တင်ပေးပြီး သက်လုံနဲ့ ကြံ့ခိုင်မှုစွမ်းအား ပိုမိုမြင့်မားလာစေဖို့အတွက် ဒိုက်ထိုး လေ့ကျင့်ခန်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

(၆) အချိန်နေရာမရွေး လွယ်လွယ်ကူကူ ပြုလုပ်နိုင်တယ်

Photo : Men’s Health

လူတော်တော်များများက ကြွက်သားတည်ဆောက်ဖို့ ကစားကြတဲ့အခါ အလေးမခြင်းကဲ့သို့ Strength Training တွေကိုပါပဲ ဦးစားပေးလုပ်ကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်အလေးချိန်ကို အသုံးပြုပြီး ကစားရတဲ့ ဒိုက်ထိုး လေ့ကျင့်ခန်းဟာလည်း ကြွက်သားတည်ဆောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဆိုတာထက်ကို ပိုပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းကို စက်ကိရိယာတွေ ၊ အလေးတုံးတွေမပါပဲ အချိန်နေရာမရွေး လွယ်လွယ်ကူကူ ကစားလို့ရပါတယ်။ ကွီးတို့ရဲ့ ကြံ့ခိုင်မှုအဆင့်အပေါ်မူတည်ပြီး ပြင်းပြင်းထန်ထန်ကစားမလား ၊ ပေါ့ပေါ့ပါးပါးပဲ ကစားမလားဆိုတာ ချိန်ညှိလို့ရတဲ့အတွက် တကယ့်ကို စွယ်စုံရ လေ့ကျင့်ခန်းတစ်ခုလို့ ပြောရင်မှားနိုင်မှာ မဟုတ်ပါဘူး။

ကွီးတို့ရော အခုလက်ရှိနေ့စဉ်ပုံမှန် ဒိုက်ထိုး လေ့ကျင့်ခန်းကို ပြုလုပ်ဖြစ်ပါရဲ့လား။ မလုပ်ဖြစ်သေးဘူးဆိုရင်တော့ ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများတဲ့ ဒိုက်ထိုး လေ့ကျင့်ခန်း ကို ဒီနေ့ကစပြီး ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Featured Photo : Steel Supplements