မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ နွေရာသီတုန်းက အသင်းကနေ အလွယ်တကူ စွန့်ပစ်ခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာကို ပြန်လည် ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် စီစဉ်နေတယ်လို့ The Sun ကနေ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : SPORT
စပိန် လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာဟာ ၂၀၁၁ခုနှစ်ကတည်းက မန်ယူနိုက်တက် ဂိုးသမားအဖြစ် ၂၀၂၃ခုနှစ် နွေရာသီအထိ ဆယ်စုနှစ်တစ်ခုအကြာ ပါဝင်ခဲ့ပေမယ့်လည်း အသင်းဘက်က နှုတ်ဆက်ပွဲတစ်ခုတောင် မစီစဉ်ပေးခဲ့ပဲ အသင်းကနေ လွယ်လွယ်ကူကူသာ စွန့်လွတ်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကတည်းကနေ အခုထိ free agent player အဖြစ် ရှိနေရတဲ့ ဒီဂီယာဟာ လက်ရှိမှာတော့ သူ့ကို စွန့်လွတ်ထားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ တဖန် ပြန်လည် ထွက်ပေါ်လာခဲ့ရပါတယ်။
Photo Credit : TNT Sports
ဒီဂီယာ အသင်းလက်မဲ့ ဖြစ်နေချိန်တုန်းက သူ့ကို ဘိုင်ယန်မြူးနစ် အင်တာမီလန် နဲ့ ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း အဆင်မပြေခဲ့လို့ အခုထိ free agent အဖြစ်သာ ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒီဂီယာရဲ့ အသင်းဟောင်း ယူနိုက်တက်က သူတို့ ဂိုးသမား အန်ဒရေ အိုနာနာကို လာမယ့် ဇန်နဝါရီလထဲ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲအတွက် တစ်လနီးပါးခန့် စေလွှတ်ရမယ့် အချိန်မှာ အိုနာနာနေရာ ယာယီ အစားထိုးဖို့အတွက် ဒီဂီယာကို ကာလတို စာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
Photo Credit : The Sun
ဒီဂီယာကလည်း မကြာသေးခင်ကမှ စပိန်ကနေ မန်ချက်စတာမြို့ဆီ ပြန်လည် ရောက်ရှိနေပြီး ယူနိုက်တက် အမျိုးသမီးအသင်း ချန်ပီယံလိဂ် ပွဲစဉ်ကို သွားရောက် အားပေးခဲ့သလို ယူနိုက်တက် အသင်းဖော်ဟောင်းတွေနဲ့လည်း တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီလို အခြေအနေမှာပဲ ယူနိုက်တက်နဲ့ပါ သတင်းတွေ ပြန်လည် ထွက်ပေါ်လာတာက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သွားနိုင်မလား ဒါမှမဟုတ် ဒီဂီယာ နဲ့ ယူနိုက်တက်တို့ ပြန်ပေါင်းထုတ်သွားနိုင်လေမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။
Featured Photo : The Sun