မကြာခင်မှာဘဲ နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်တစ်နှစ်လုံးမှာ ကွီးတို့အနေနဲ့ ဘာတွေကို ရရှိခဲ့ပါသလဲ၊ မိမိမျှော်လင့်တဲ့ အရာတွေ၊ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့ပါသလား။ မထင်မှတ်ထားတဲ့ အရာတွေ၊ ကျရှုံးမှုတွေ ရှိခဲ့ပါသလား။ ဘယ်လိုပဲ ဆိုပါစေ၊ နှစ်တစ်နှစ်က ပြီးဆုံးပြီး နှစ်သစ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အရာတွေကို ပြင်ဆင်လို့မရပေမယ့် လာမယ့်နှစ်မှာတော့ ကွီးတို့ဘဝ ပိုမိုကောင်းမွန်စေဖို့ ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်။ ဒါ့ကြောင့် မိမိဘဝအတွက် ကောင်းမွန်တဲ့ အရာတွေကို ဆက်လက်သယ်ဆောင်သွားပြီး မကောင်းတဲ့အရာတွေကို စွန့်လွှတ်ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ဘဝအတွက် ဒီနှစ်မှာပဲ အပြီးတိုင် ထားပစ်ခဲ့ရမယ့် အလေ့အကျင့်ဆိုးတွေ ဝေမျှပေးချင်ပါတယ်။
Screen Time များနေတာကို လျှော့ချပါ
Photo : ThedaCare
ဒီနေ့ခေတ်မှာ လူအချို့က ဖုန်းနဲ့ပဲ အချိန်ကုန်ပြီး လုပ်ဆောင်စရာရှိတာတွေ နှောင့်နှေးတာ၊ ပျက်ကွက်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒီအချက်ကို ကွီးတို့လုပ်မိနေရင် ချက်ချင်းစွန့်လွှတ်ပစ်ရမှာပါ။ ဖုန်းများကို အချိန်ကြာကြာကြည့်ခြင်း၊ ထမင်းစားရင်း တီဗွီကြည့်ခြင်းတို့ကြောင့် အထိုင်များလာပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ ကျန်းမာရေးအတွက် မကောင်းတဲ့ သက်ရောက်မှုများစွာ ဖြစ်လာနိုင်ပါတယ်။ ဒီလို ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်စေပြီး ဘဝတိုးတက်မှုကိုလည်း နှောင့်နှေးစေတဲ့ ဖုန်းကြာကြာ ကြည့်နေမိတဲ့ အလေ့အကျင့်ကို ပြင်ပါ။
အချိန်ကို တန်ဖိုးမထားတတ်တဲ့ အကျင့်ကို ထားခဲ့လိုက်ပါ
Photo : ClassPlus
ကွီးတို့က အချိန်နဲ့ ပတ်သတ်ပြီး ဘယ်လိုခံယူချက် ရှိပါသလဲ။ အချိန်ကို လေးစားမှုမရှိခြင်းက ကိုယ့်ဘဝအတွက် မကောင်းသော သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် အချို့သောလူများက တစ်ခါတစ်လေကျရင် ချက်ချင်းထလုပ်သင့်တဲ့ အရာမျိုးကို မလုပ်ပဲ အချိန်ရှိသေးတယ်၊ ညမှလုပ်မယ်၊ မနက်မှလုပ်မယ် စသည်ဖြင့် အချိန်ဆွဲတတ်ကြပါတယ်။ ဒီလို အကျင့်မျိုးရှိရင် ဒီနှစ်မှာပဲ ထားခဲ့လိုက်ပါ။ ယနေ့ခေတ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နေတဲ့သူတွေဟာ အချိန်ရဲ့တန်ဖိုးကို သိရှိနားလည်ပြီး အချိန်ဆွဲတတ်တဲ့ အကျင့်မရှိပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့လည်း တစ်စုံတစ်ခုကို လုပ်ရန်ဖြစ်စေ၊ တစ်ခုခုကို အစပျိူးတာမျိုးဖြစ်စေ ချက်ချင်းထလုပ်လိုက်ပါ။ ဒါက နောက်နှစ်အတွက်သာမက ကွီးတို့ဘဝ တစ်လျှောက်လုံး အောင်မြင်မှုကို လိုချင်ရင် တစ်သက်လုံး လိုက်နာသွားရမယ့် အမူအကျင့်ပါ။
ဆင်ခြေပေးတတ်တဲ့ အကျင့်ကို ထားခဲ့လိုက်ပါ
Photo : Khaleej Times
ကွီးတို့က တစ်ခုခုဆို ဆင်ခြေပေးတတ်တဲ့ အကျင့်ရှိပါသလား ဒါမဟုတ် တာဝန်ယူပြီး ပြီးဆုံးအောင် လုပ်ပေးတတ်တဲ့ အကျင့် ရှိပါသလား။ ကိုယ့်ရဲ့အမှားတစ်ခုကိုဖြစ်စေ၊ အလုပ်တစ်ခုကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါဖြစ်စေ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆင်ခြေပေးခြင်းကိုရှောင်ပါ။ ကိုယ့်ရဲ့ အမှား၊ ကိုယ့်ရဲ့ ကြိုးစားမှုလိုအပ်ချက်ကို မပြုပြင်ဘဲ ဆင်ခြေပေးတတ်တဲ့ အကျင့်ဟာလည်း ကွီးတို့ဘဝ တိုးတတ်အောင်မြင်ရေးကို ထိခိုက်စေတဲ့ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါ။
မနက်ခင်းနှိုးစက်ကိုပိတ်ပြီး ပြန်အိပ်တတ်တဲ့ အကျင့်ကိုပြင်ပါ
Photo : Storables
ကွီးတို့ရေ မနက်နှိုးစက်မြည်တာနဲ့ ချက်ချင်းမထသေးဘဲ ၅ မိနစ်၊ ၁၀ မိနစ်စသည်ဖြင့် ပြန်လည်အိပ်တတ်တဲ့ အကျင့်ရှိပါသလား။ နှိုးစက်မြည်တာနဲ့ ပြန်အိပ်တတ်တဲ့ အကျင့်ဟာ ကွီးတိုရဲ့မနက်ခင်းမှစ၍ တစ်နေ့တာလုံးအတွက် အချိန်နှောင့်နှေးတာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နှိုးစက်မြည်တာနဲ့ ချက်ချင်းတန်းထပါ။ မနက်ခင်းလုပ်ဆောင်စရာများ ဖြစ်တဲ့ မနက်စာစားခြင်း၊ Workout လုပ်ခြင်းစသည်တို့ကို အချိန်လုံလုံလောက်လောက်နဲ့ စတင်ပြီးတစ်နေ့တာလုံးအတွက် လန်းဆန်းစွာဖြတ်သန်းလိုက်ပါ။ ထိုသို့လုပ်ခြင်းဖြင့် ကွီးတို့ရဲ့အချိန်ဆွဲတတ်တဲ့ အကျင့်ကိုလည်း ပြင်ပြီးသားဖြစ်စေပါတယ်။
အတိတ်က ကျရှုံးမှုတွေကို ထားခဲ့လိုက်ပါ
Photo : Entrepreneur
ကွီးတို့ရေ ပြီးခဲ့တဲ့နှစ်မှာ ဒါမှမဟုတ် ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ နောင်တတွေ၊ အမှားတွေ၊ ကျရှုံးမှုတွေ ကြုံတွေ့ဖူးမှာပါ။ ထိုသို့ ကြုံတွေ့ခဲ့ရတဲ့ ကျရှုံးမှုတွေထဲမှာ ရုန်းမထွက်နိုင်ဘဲ စိတ်ဓာတ်ကျနေရင် ကွီးတို့ ဘဝ တိုးတတ်ရေး မှာ ကြီးမားတဲ့ အနှောင့်အယှက်ပါ။ ဒါကြောင့် အတိတ်က ကျရှုံးမှုတွေကို သင်ခန်းစာ ယူပါ၊ သင်ယူပြီး တိုးတတ်အောင်မြင်ရေးအတွက် လှေကားထစ် အဖြစ်ဖန်တီးလိုက်ပါ။ လာမယ့်နှစ်မှာ အကောင်းဆုံး ဖြစ်အောင် ပြန်လည် ကြိုးစားလိုက်ပါ။
အဆိုးမြင်စိတ်တွေကို ဖယ်ရှားပါ
Photo : Medium
အဆိုး သို့မဟုတ် အပျက်သဘောဆောင်တဲ့ အတွေးတွေကိုပဲ အာရုံစိုက်တတ်ခြင်းကလည်း ကွီးတို့ ဒီနှစ်မှာပဲ စွန့်လွှတ်ခဲ့ရမဲ့ အမူအကျင့်တွေ ထဲက တစ်ခုပါပဲ။ ဒီလိုအတွေးတွေက ကွီးတို့အတွက် ဘာမှ အကျိုးမရှိစေဘူး ဆိုတာ သဘောပေါက်ရပါမယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေက ကွီးတို့ရဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို လျော့ကျစေနိုင်ပါတယ်။ အပျက်သဘောဆောင်တဲ့ အဆိုးမြင်စိတ်တွေကို ကွီးတို့အနေနဲ့ တစ်နေ့တာအတွက် အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ ပြောင်းလဲလိုက်ရုံပါပဲ။ “ငါမအောင်မြင်နိုင်ဘူး” စတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို “ငါလည်းကြိုးစားရင် ဖြစ်တာပဲ” “ငါလည်း အောင်မြင်အောင် လုပ်နိုင်တယ်” စတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးပါ။
ကွီးတို့ဘဝ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ ဒီနှစ်မှာပဲ အပြီးတိုင် ထားပစ်ခဲ့ရမယ့် အမူအကျင့်တွေကို ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို လက်ကိုင်ထားရင်း လူသစ် စိတ်သစ်နဲ့ တိုးတက်အောင်မြင်သော ဘဝကို လာမဲ့နှစ်သစ်မှာ ရယူပိုင်ဆိုင်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။
Source : LifeHack
Featured Photo : Vista Create