ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ မန်ချက်စတာ စီးတီးအသင်းက ဘယ်လ်ဂျီယံ ကွင်းလယ်ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်း ကို ခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းထံ အကြံပြု တိုက်တွန်းထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ronaldo and al nassr

Photo Credit: ESPN

အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒိုလို GOAT ကြီးတစ်ဦးကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း မာနေး လာပေါ့တ် ဘရိုဇိုဗစ်တို့လို ကမ္ဘာ့ထိပ်တန်း ကစားသမားကောင်းတွေကို ထပ်မံ ဖြည့်တင်းနိုင်ခဲ့သလို ဒီနွေမှာလည်း နောက်ခံလူ ဆီမာကန် အပါအဝင် ချယ်လ်ဆီးက ဘရာဇီးလ် တောင်ပံကစားသမားလေး အန်ဂျလို ဘရာဇီးလ် ဂိုးသမား ဘန်တိုတို့ကို ဖြည့်တင်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်နာဆာနဲ့အပြိုင် အယ်လ်ဟီလာ အယ်လ်အစ်တီဟတ်တို့ကလည်း ကစားသမားသစ် ဖြည့်တင်းမှုတွေ အားကောင်းစွာနဲ့ လုပ်ဆောင်ထားသလို အထူးသဖြင့် အယ်လ်ဟီလာလို မီထရိုဗစ် ဘိုနို နေးဗက်စ် ကန်ဆယ်လို ကူလီဘလီ မီလန်ကိုဗစ်ဆာဗစ် မယ်လ်ကွန် လိုဒီတို့အပြင် နေမာကို ပိုင်ဆိုင်ထားတဲ့ အယ်လ်ဟီလာက ဆော်ဒီလိဂ်မှာ ပြိုင်ဘက်ကင်း အသင်းလို ဖြစ်နေတာက အယ်လ်နာဆာအတွက် အသင်းကို ပိုမို အားဖြည့်ဖို့ တွန်းအား ဖြစ်စေရပါတယ်။

de bruyne al nassr

Photo Credit: Tembah

ဒါကြောင့်လည်း အယ်လ်နာဆာအနေနဲ့ ဥရောပလိဂ်တွေကနေ ထိပ်တန်းကစားသမားကောင်းတွေကို ခေါ်ယူဖြည့်တင်းဖို့ အမြဲတမ်း အသင့်ဖြစ်နေပြီး အခုလည်း သူတို့ရဲ့ အဓိက ကစားသမားကြီး ရော်နယ်လ်ဒိုရဲ့ အကြံပြုမှုနဲ့ ဒီဘရိုင်းကို ကြိုးပမ်းဖွယ် ရှိနေပါတယ်။ အသက် (၃၃)နှစ်အရွယ် ဝါရင့် ကွင်းလယ်လူ ဒီဘရိုင်းဟာ မန်စီးတီးအတွက် အဓိကအကျဆုံး ကစားသမား ဖြစ်ပေမယ့်လည်း သူရဲ့ အသက်အရွယ်အရရော ဒဏ်ရာ ပြဿနာတွေ မကြာခဏ ရရှိနေတာကြောင့်နဲ့ သူရဲ့စာချုပ်သက်တမ်းကလည်း ဒီရာသီအပြီးမှာပဲ ကုန်ဆုံးတော့မှာတွေက ဒီဘရိုင်း နဲ့ ပတ်သက်ပြီး စောင့်ကြည့်ချင်စရာ ဖြစ်နေရပါတယ်။

cr7 & kdb

Photo Credit: Goal

မန်စီးတီးဘက်ကလည်း ဒီဘရိုင်းရဲ့ အခန်းကဏ္ဍကို လျှော့ချပစ်ဖို့ ကြိုတင် ပြင်ဆင်ထားတာမို့ ဒီဘရိုင်းသာ သက်တမ်းမတိုးတော့ဘူးဆိုရင်လည်း သေချာပေါက် လက်လွတ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အယ်လ်နာဆာအသင်းဘက်ကနေ အခွင့်ကောင်းယူဖို့ ရော်နယ်လ်ဒိုက တိုက်တွန်းနေတာ ဖြစ်နိုင်ပြီး အယ်လ်နာဆာကတော့ ဒီဘရိုင်း အတွက် လက်မှတ်ထိုးကြေး ပေါင် သန်း(၅၀)အထိ ပြင်ဆင်ထားတဲ့အပြင် တစ်ပတ်လုပ်ခကိုလည်း ပေါင် (၁)သန်းအထိ ပေးသွားဖို့ပါ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Featured Photo: The Sun