အက်သလက်တီကို မက်ဒရစ်အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ဒေါ့မွန်အသင်းဟာ သူတို့အတွက် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ချီးကျူးပြောဆို လိုက်ပါတယ်။

 Simeone

Photo : SportsDesk – Times of Malta

နည်းပြ ဆီမြွန်နီ ရဲ့ တီကိုအသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာပဲ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ဒေါ့မွန်ကို အိမ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့တော့ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ရည်မှန်းထားတာပဲ ဖြစ်ပါတယ်။

” ဒေါ့မွန်က အခက်ခဲဆုံး ပြိုင်ဘက်ပါပဲ။ သူတို့မှာ အရည်အချင်းကောင်းတွေ အများကြီးရှိတယ်။ ၄ လအတွင်း အဝေးကွင်းမှာ ရှုံးပွဲမရှိသေးပါဘူး။ သူတို့ရဲ့ တန်ပြန်တိုက်စစ်က အရမ်းကောင်းတယ်။ သူတို့က ဘောက်စ် ၂ ခုလုံးမှာ အရမ်းအားကောင်းသလို ပြိုင်ပွဲနောက်ဆုံး ၈ ပွဲမှာ အပြင်းထန်ဆုံး ပြိုင်ဘက်အသင်းဖြစ်လာနိုင်တယ် ” လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်ဟာ ၁၉၉၇ ခုနှစ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ နောက်ဆုံး ၄ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံပြီးချိန်မှာတော့ ဒုတိယနေရာနဲ့သာ ပြီးဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဆီမြွန်နီဟာ ချန်ပီယံလိဂ်မှာ နည်းပြတစ်ဦးအဖြစ်နဲ့ အဝေးကွင်းပွဲပေါင်း ၅၀ မှာ ၁ ပွဲသာအနိုင်ရရှိခဲ့ပြီး ဒီရာသီလာလီဂါ အမှတ်ပေးဇယားရဲ့စတုတ္ထမြောက်နေရာမှာ ရပ်တည်နေတဲ့အသင်းအနေနဲ့ ၎င်းတို့ နောက်ဆုံးရယူနိုင်မယ့် တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက် ဖြစ်ပါတယ်။

ဒါပေမယ့် အက်သလက်တီကို နောက်ခံလူ ဝှစ်ဆဲလ်ကတော့ သူနဲ့ အသင်းဖော်တွေဟာ ဒေါ့မွန်နဲ့ကစားရမယ့် ဗုဒ္ဓဟူးညပွဲထက်ပိုပြီး မစဉ်းစားထားဘူးလို့ ပြောကြားလိုက်ပါတယ်။ ” ကျွန်တော်တို့က ဆီမြွန်နီ လိုပဲ တစ်ပွဲပြီးတစ်ပွဲသာ တွေးပါတယ်။ အဲ့ဒါက အရေးကြီးဆုံးပါပဲ။ ဒါကို ကျော်ပြီး တွေးလို့မရပါဘူး ” လို့ ဘယ်လ်ဂျီယံ လက်ရွေးစင်က ပြောကြားခဲ့ပါတယ်။

Atletico

Photo : Besoccer

ဒေါ့မွန်အသင်းမှာ ၄ ရာသီကြာ ကစားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွေ့လာခဲ့တဲ့ နောက်ခံလူ ဝှစ်ဆဲလ် ဟာ ပြိုင်ဘက်အသင်းနဲ့ ပတ်သတ်ပြီး နည်းပြ ဆီမြွန်နီရဲ့ အမြင်ကို လက်ခံကြောင်း ပြောကြားခဲ့ပြီး တစ်ဆက်တည်းမှာပဲ ” ဒေါ့မွန်က အရမ်းကောင်းတဲ့ အသင်းပါ။ ကျွန်တော် အဲ့ဒီမှာ ၄ နှစ်တာအတွင်း အကောင်းဆုံး ကစားခဲ့ပါတယ်။ သူတို့က တော်တော်လေး ဖိဖိစီးစီး ရှိတယ်။ သူတို့မှာ အဒီယီမီ ၊ ဆန်ချိုတို့လို အရမ်းမြန်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်” လို့ ဝှစ်ဆဲလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Featured Photo : Into the Calderon