ဒေါ့မွန်အသင်းမှာ လီဝန်ဒေါစကီး ၊ ဟာလန်း ၊ ဘယ်လင်ဂမ် ၊ ဆန်ချို ၊ ပူလီဆစ် ၊ ဒမ်ဘီလီ ၊ အူဘာမီယန်း ၊ ဂွန်ဒိုဂန် ၊ ဂေါ့ဇီ အစရှိတဲ့ ထိပ်တန်း ကစားသမားတွေနဲ့ တွဲဖက်ကစားဖူးပြီး ဒီကစားသမားတွေ ဒေါ့မွန်ကနေ စွန့်ခွာသွားချိန်မှာတောင် သူကတော့ ဒေါ့မွန်မှာပဲ ဆက်နေခဲ့ကာ အသင်းအတွက် တစ်ထောင့်တစ်နေရာကနေ ဆက်လက် အကျိုးပြုခဲ့ပါတယ်။ သူကတော့ မားကို့ရူးစ်ပဲ ဖြစ်ပါတယ်။

reus

Photo Credit: Jargan English

လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကတည်းက မိုချန်ဂလာဘတ်ကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား မားကို့ရူးစ်ဟာ ဒေါ့မွန်အသင်းမှာ (၁၂)နှစ်တာ အထိတောင် နှစ်ကာလရှည်ကြာစွာ ရှိနေခဲ့တဲ့ သစ္စာခံ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ လုံးပန်းရသူ ဖြစ်ပေမယ့်လည်း နေရာစုံ ကစားနိုင်မှု ၊ လျင်မြန်မှု ၊ ဘောလုံးစကေး ကောင်းမွန်မှု ၊ ဘောလုံးကို ဉာဏ်သုံးပြီး ကစားနိုင်မှုနဲ့ ဂိုးကန်သွင်းချက် အားကောင်းမှုတွေကတော့ ရူးစ်ရဲ့ အရည်အသွေးကောင်းတွေ ဖြစ်ပါတယ်။

marco reus dortmund

Photo Credit: talkSPORT

ဒါကြောင့်လည်း သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်စားကြတာ ဖြစ်သလို သူရဲ့အသင်းဖော်တွေလိုပဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒေါ့မွန်ကို စွန့်ခွာလိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် ရူးစ်ကတော့ ဒေါ့မွန်မှာပဲ ဆက်နေဖို့ကိုသာ ရဲရဲကြီး ရွေးချယ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ရူးစ်က ဒေါ့မွန်အတွက် (၁၂)ရာသီအထိ ပါဝင်ကစားထားခဲ့ရင်း အသင်းနဲ့အတူ ပိုကယ်ဖလား (၂)ကြိမ် ဂျာမန်စူပါဖလား (၂)ကြိမ် ဗိုလ်စွဲခဲ့သလို အသင်းအတွက်ကိုလည်း (၁၆၈)ဂိုးအထိ သွင်းယူနိုင်ပြီး (၁၂၈)ဂိုးအထိ ဂိုးဖန်တီးပေးထား နိုင်ခဲ့ပါတယ်။

marco reus

Photo Credit: Clutch Points

မားကို့ရူးစ်ဟာ ဒီဘောလုံးရာသီ အပြီးမှာတော့ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး ရူးစ်အနေနဲ့ကလည်း ဒေါ့မွန်နဲ့ သက်တမ်းတိုးတော့မှာ မဟုတ်ပဲ အသင်းကနေ အလွတ်နဲ့သာ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဒီနွေရာသီကတော့ မားကို့ရူးစ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ နွေရာသီလမ်းခွဲ ဖြစ်လာတော့မှာဖြစ်ပြီး လက်ရှိမှာ အသက် (၃၄)နှစ်အရွယ်ထိတောင် ရောက်ရှိနေတဲ့ ရူးစ်ကိုလည်း ဘယ်အသင်းကများ ခေါ်ယူသွားနိုင်မလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းနေရပါတယ်။

Featured Photo: