အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လီဗာပူးဂန္တဝင် ကစားသမားဟောင်း ဒေးဗစ်ဂျွန်ဆင် ကတော့ အသက် ၇၁ နှစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒေးဗစ်ဂျွန်ဆင်ဟာ မာဆေးဆိုက်ဒါဘီကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန်အသင်းတွေအတွက် ပထမဦးဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားနှစ်ဦးထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

Photo : Daily Mail

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒေးဗစ်ဂျွန်ဆင်ဟာ ၁၉၆၉ ခုနှစ်မှာ အဲဗာတန်အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ အစ်စဝှစ်ချ်တောင်းအသင်း ၊ ၁၉၇၆ ခုနှစ်မှာ လီဗာပူးအသင်းတွေကို ပြောင်းရွေ့ကစားခဲ့ပါတယ်။ အစ်စဝှစ်ချ်တောင်းအသင်းမှာ ကစားခဲ့စဉ်က နည်းပြဘော်ဘီရော့ဘ်ဆင်ရဲ့လက်အောက်မှာ အကောင်းဆုံး တောက်ပခဲ့ပြီး ၁၉၇၃ ခုနှစ် တက်ဇကိုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒေးဗစ်ဂျွန်ဆင်ဟာ ၁၉၇၆ ခုနှစ်မှာ အစ်စဝှစ်ချ်တောင်းအသင်းကနေ လီဗာပူးအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၂၀၀၀၀၀ နဲ့ ပြောင်းလာခဲ့ပြီး ပွဲပေါင်း ၂၁၃ ပွဲမှာ ၇၈ ဂိုး အထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်က စတင်ပြီး အန်ဖီးလ်မှာ ၆ နှစ်ကြာ ကစားခဲ့စဉ်အတွင်း လိဂ်ဖလား ၃ ကြိမ်နဲ့ ၁၉၈၁ ခုနှစ် ဥရောပဖလား တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အစ်စဝှစ်ချ်တောင်းနဲ့ လီဗာပူးအသင်းတွေမှာ ခြေစွမ်းပြ ကစားခဲ့ပြီးနောက် ၁၉၈၂ ခုနှစ်မှာတော့ အဲဗာတန်အသင်းကို ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။ ဒေးဗစ်ဂျွန်ဆင်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၈ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း အင်္ဂလန်အသင်းအတွက် အံ့အားသင့်ဖွယ် ၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြရွန်ဂရင်းဝုဒ် ကိုင်တွယ်ခဲ့တဲ့ ၁၉၈၀ ခုနှစ် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ အဓိက အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

Photo : These Football Times

၁၉၈၄ ခုနှစ်မှာတော့ အဲဗာတန်အသင်းကနေ ဘန်စလေကို အငှားနဲ့သွားရောက်ကစားခဲ့ပြီး မန်ချက်စတာစီးတီး ၊ အမေရိကန်ကလပ်အသင်းတွေဖြစ်တဲ့ ကျူဆာ ရုဒ်နက်၊ ပရက်စတန်တို့အတွက်လည်း ကစားပေးခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ ဘာရိုးအသင်းကို ပြောင်းရွေ့ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။

‌ဘောလုံးလောကရဲ့ အထင်ကရကစားသမားကြီးတစ်ဦးဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း ဒေးဗစ်ဂျွန်ဆင် ဟာ လည်ချောင်းကင်ဆာရောဂါဝေဒနာခံစားနေရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ သူ့အသက် ၇၁ ခုနှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail