ဒီနေ့ခေတ် အလုပ်အကိုင် တွေထဲမှာ လစာ အကောင်းဆုံး နဲ့ အလုပ်ခေါ်ဆိုမှု အများဆုံးက နည်းပညာ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ လူနေမှုဘဝပုံစံတွေ ဆန်းသစ်လာခြင်းနဲ့အတူ နည်းပညာ ဘက်အရွေ့ရဲ့ တွန်းပို့မှုက နည်းပညာပိုင်းဆိုင်ရာ အသစ်အသစ်တွေ ဖော်ထုတ်ဖို့ ဖြစ်လာပါတယ်။ COVID -19 လို ကမ္ဘာ့ကပ်ရောဂါဘေးမှာတောင် နည်းပညာနယ်ပယ်က ချဉ်းကပ်အဖြေရှာမှုတွေက အလွန်ပဲ ထိရောက်မှုရှိခဲ့သလို နေ့စဉ်ဘဝမှာလည်း သိပ်ကို အရေးပါခဲ့ပါတယ်။

ဒါကြောင့်ပဲ တခြားအလုပ်အကိုင်တွေ ဝန်ထမ်းလျှော့ချတာမျိုး ရှိနေချိန်မှာတောင် နည်းပညာကုမ္ပဏီကြီးတွေရဲ့ အလုပ်ခေါ်ဆိုမှုဟာ မြင့်မားနေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်နိုင်ငံသား ၈ သောင်းကို နည်းပညာလုပ်ငန်းတွေက အလုပ်ပေးခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ နည်းပညာ အလုပ်အကိုင်တွေထဲမှာ အလုပ်ခေါ်ဆိုမှု အများဆုံး အလုပ်အကိုင်တွေက ဆော့ဖ်ဝဲလ်နဲ့ App Developer ၊ IT-Support Specialist ၊ Project Managers ၊ Systems Engineers ၊ System Analysts နဲ့ Architects တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်လစာအမြင့်ဆုံး နည်းပညာအလုပ်လို့ ပြောလိုက်ရင် အခြေခံရတဲ့ လုပ်ခလစာ ၊ ဘောနပ်စ် ဆုကြေး နဲ့ စတော့ခ်ရှယ်ယာ ပြန်ခွဲပေးတာတွေ ပေါင်းပြီး ပြောကြပါတယ်။ ကုမ္ပဏီအနေနဲ့ နည်းပညာလောကထဲက လစာအမြင့်ဆုံး ကုမ္ပဏီတွေအကြောင်းက စိတ်ဝင်စားစရာပါ။ အခုပြောမယ့် လစာအမြင့်ဆုံးပေးတဲ့ နည်းပညာကုမ္ပဏီတွေ စာရင်းမှာ ကိုယ့်ထင်ထားတဲ့ ကုမ္ပဏီတွေ ပါသလား ကြည့်လိုက်ရအောင်ပါ။

(၅) AirBnB : ဒေါ်လာ ၄၁၈၀၀၀

Airbnb Office

Photo: CNBC

အွန်လိုင်းကနေ အခန်းတွေ , အိမ်တွေ ငှားနိုင်မယ့် အမေရိကန်ကုမ္ပဏီ Airbnb ကုမ္ပဏီက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမှာ အခြေစိုက်ပါတယ်။ Airbnb ရဲ့ ဝန်ဆောင်မှုတွေကို ဝက်ဘ်ဆိုက်ကနေလည်း အသုံပြုနိုင်သလို မိုဘိုင်းလ် App ကနေလည်း သုံးနိုင်အောင် ထုတ်ထားပါတယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး တောက်လျှောက် အောင်မြင်ခဲ့တဲ့ စီးပွားရေးပုံစံတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၀ အလွန် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလမှာတော့ ခရီးသွားလာမှုတွေ ထိုးကျခဲ့ရာကနေ Airbnb ရဲ့ စီးပွားရေးလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၂၀ မှာ ကပ်ရောဂါဘေး ဝင်ငွေကျဆင်းမှုကြောင့် ဝန်ထမ်း ၇၅၀၀ ထဲကနေ ၂၅% ဝန်းကျင်ခန့် အလုပ်လျှော့ခဲ့ရပါတယ်။ ကပ်ဘေးကြောင့် ဝန်ထမ်းအင်အား လျှော့ချမှုတွေ ရှိပေမယ့် Airbnb ဟာ ဝန်ထမ်းခံစားခွင့်ပေးရာမှာ အမြင့်ဆုံးကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။

ဝန်ထမ်းတစ်ယောက်ကို တစ်နှစ် လုပ်ခလစာ ဒေါ်လာ ၂၁၀၀၀၀ ပေးထားပြီး ဘောနပ်စ် ဒေါ်လာ ၄၂၀၀၀ နဲ့ စတော့ခ်ချီးမြှင့်ငွေ ဒေါ်လာ ၁၆၆၀၀၀ အထိ ပေးပါတယ်။

(၄) Stripe : ဒေါ်လာ ၄၂၀၀၀၀

Stripe company

Photo: investmentu

အမေရိကန်ဘဏ္ဍာရေးနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့ Stripe လည်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို နဲ့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွေမှာ ရုံးချုပ်စိုက်ပါတယ်။ Stripe က e-Commerce ဝက်ဘ်ဆိုက်တွေနဲ့ မိုဘိုင်းလ် အက်ပလီကေးရှင်းတွေအတွက် ငွေပေးချေရေးဆော့ဖ်ဝဲလ်တွေနဲ့ API လို့ ခေါ်တဲ့ Application Programming Interface တွေ ရေးဆွဲထုတ်လုပ်ပါတယ်။

၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ ဒီလုပ်ငန်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ဝင်ငွေဒေါ်လာ ၇.၄ ဘီလျံ ဝင်ပါတယ်။ ဝန်ထမ်းအင်အား ၄၀၀၀ နဲ့ အထက် ရှိပြီး ရင်းနှီးမြှပ်နှံသူတွေဆီက ဒေါ်လာဘီလျံပေါင်းများစွာ မြှပ်နှံမှု ရထားတဲ့ FinTech တစ်ခုလည်း ဖြစ်ပါတယ်။ Stripe ကုမ္ပဏီမှာ အခြေခံလစာ တစ်နှစ်လုပ်ခ ဒေါ်လာ ၂၁၅၀၀၀ ၊ ဆုကြေးဘောနပ်စ် ဒေါ်လာ ၃၂၀၀၀ နဲ့ စတော့ခ်ချီးမြှင့်ငွေ ဒေါ်လာ ၁၇၅၀၀၀ အထိ ပေးပါတယ်။

(၃) Pinterest : ဒေါ်လာ ၄၅၀၀၀၀

Pinterest Company

Photo : Forbes

လစာအမြင့်ဆုံး နည်းပညာကုမ္ပဏီတွေထဲမှာ Facebook ၊ Google ၊ Apple တို့ အစား Pinterest ကို တွေ့ရတာ စိတ်ဝင်စားစရာပါ။ Pinterest ဆိုတာ ဓါတ်ပုံတွေ တင်ဆက်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပြီး Images တွေနဲ့ အင်တာနက်ပေါ်က သတင်းအချက်အလက် ရှာဖွေနိုင်အောင် ဖန်တီးထားတာပါ။ ၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကအထိ ဝန်ထမ်းအင်အား ၃၂၂၅ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီတည်ထောင်ပြီး ၅ နှစ်အကြာမှာ Pinterest ဟာ ကုမ္ပဏီတန်ဖိုး ၁၁ ဘီလျံတန်တဲ့ Unicorn အဖြစ် ကို ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိ တစ်ကမ္ဘာလုံးမှာ Pinterest ကို လစဉ် သုံးစွဲသူသန်းပေါင်း ၄၃၀ ကျော် ရှိထားတယ်လို့ ဒီနှစ် ဖေဖော်ဝါရီလက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ခုနှစ်အတွက် Pinterest ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၂.၅၇၈ ဘီလျံရှိခဲ့ပါတယ်။

Big Tech ကြီးတွေနဲ့ မယှဉ်နိုင်ပေမယ့် လစာပေးတဲ့ နေရာမှာတော့ အခြေခံတစ်နှစ် လုပ်ခလစာကို ဒေါ်လာ ၂ သိန်း နဲ့ စတော့ခ်ချီးမြှင့်ငွေ ၂ သိန်းခွဲအထိ ပေးတယ်လို့ ဆိုပါတယ်။

(၂) Netflix : ဒေါ်လာ ၄၅၅၀၀၀

Netflix Company

Photo: brandingmag

Movie Streaming ဝန်ဆောင်မှုတွေထဲမှာ အင်အားအကြီးဆုံး ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Netflix ကိုတော့ လူတိုင်း သိကြမှာပါ။ ၁၉၉၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တဲ့ အမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ လစဉ်ကြေး Subscription နဲ့ ဝင်ငွေတွေ ရနေတာပါ။ Netflix ဝန်ဆောင်မှုကို စာရင်းသွင်းကြည့်တဲ့ Subscriber ဦးရေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ တစ်ကမ္ဘာလုံးမှာ ၂၂၁.၈ သန်းကျော် ရှိခဲ့ပြီး ဒီထဲမှာ အမေရိကန်နဲ့ ကနေဒါက ၇၅.၂ သန်း ၊ ဥရောပ , အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က ၇၄ သန်း ၊ လက်တင်အမေရိက ၃၉.၉ သန်း နဲ့ အာရှပစိဖိတ်က ၃၂.၇ သန်းကျော် ရှိထားတာ ဖြစ်ပါတယ်။

တရုတ်ပြည်မကြီး ၊ ဆီးရီးယား ၊ မြောက်ကိုရီးယား ၊ ရုရှားနဲ့ ကရိုင်းမီးယားတို့ကလွဲရင် တစ်ကမ္ဘာလုံးမှာ Netflix ဝန်ဆောင်မှုကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွက် Netflix ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၂၉.၇ ဘီလျံ ရှိခဲ့ပြီး ဝန်ထမ်းအင်အားကတော့ ၁၂၁၃၅ ဦး ဖြစ်တယ်လို့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ Netflix ကုမ္ပဏီမှာ အခြေခံလစာ တစ်နှစ် ဒေါ်လာ ၄၅၀၀၀၀ ပေးထားပြီး ဘောနပ်စ်နဲ့ ရှယ်ယာခွဲပေးမှုတွေတော့ မရှိဘူးလို့ ဆိုပါတယ်။

(၁) LinkedIn : ဒေါ်လာ ၄၆၁၀၀၀

LinkedIn

Photo : allbusiness

ကမ္ဘာပေါ်မှာ နည်းပညာအလုပ်သမားတွေကို လုပ်ခလစာအမြင့်ဆုံးပေးတဲ့ နည်းပညာကုမ္ပဏီကြီးကတော့ ကမ္ဘာ့အကြီးဆုံး ဒီဂျစ်တယ် ပရော်ဖက်ရှင်နယ်အလုပ်အကိုင် ချိတ်ဆက်ရေးကွန်ရက်ကြီး ဖြစ်တဲ့ LinkedIn ဖြစ်တယ်လို့ ဆိုပါတယ်။ Microsoft ပိုင် အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းကြီးဟာ ၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ နိုင်ငံနဲ့ ဒေသပေါင်း ၂၀၀ ကျော်က မှတ်ပုံတင်ထားတဲ့ အဖွဲ့ဝင်ပေါင်း သန်း ၈၁၀ ကျော် ရှိထားပါတယ်။

၂၀၂၁ ခုနှစ်အတွက် LinkedIn ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၀ ဘီလျံအထိ ရှိခဲ့ပြီး ဝန်ထမ်းတွေကို အခြေခံလစာ ‌ဒေါ်လာ ၂၀၄၀၀၀ ၊ ဆုကြေး ဒေါ်လာ ၃၁၀၀၀ နဲ့ စတော့ခ်ချီးမြှင့်ငွေ ဒေါ်လာ ၂၂၆၀၀၀ ပေးထားတယ်လို့ ဆိုပါတယ်။

ဒါကတော့ ထိပ်တန်းလစာမြင့် နည်းပညာကုမ္ပဏီ ၅ ခုအကြောင်းပဲ ဖြစ်ပြီး တခြားကုမ္ပဏီကြီးတွေမှာလည်း အလုပ်အကိုင်ပေါ်လိုက်ပြီး လစာပေးမှု ကွဲပြားတာတွေ ရှိပါတယ်။ ဥပမာ- Amazon Cloud Solutions Architects တွေကို နေရာဒေသနဲ့ ကျွမ်းကျင်မှုပေါ် လိုက်ပြီး အခြေခံလစာ ဒေါ်လာ ၉၀၈၀၀ ကနေ ဒေါ်လာ ၁၈၅၀၀၀ အထိ ပေးပါတယ်။ DoorDash ရဲ့ အင်ဂျင်နီယာနဲ့ အရောင်းပိုင်း Seniors ဝန်ထမ်းတွေဆို ဒေါ်လာ ၂ သိန်းခွဲအထိ ရပြီး Apple ရဲ့ အကြီးတန်း Marketing အလုပ်အကိုင်တွေဆို ‌ဒေါ်လာ ၃၂၅၀၀၀ အထိ ပေးထားတယ်လို့ သိရပါတယ်။

Featured Photo : allbusiness