မော်ရစ်စီယို ပိုချက်တီနိုက ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးလောက်မှာ ချယ်လ်ဆီး အသင်းကို လမ်းကြောင်းမှန်ပေါ်အောင် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တယ်။ အသင်းက ရာသီအကုန်မှာ အဆင့် (၆)နေရာနဲ့ ရာသီသိမ်းခဲ့တယ်။ ကံဆိုးပြီး မန်ယူက FA Cup ရသွားလို့သာ ယူရိုပါလိဂ်ဝင်ခွင့်အစား ကွန်းဖရန့်လိဂ်ပဲ ဝင်လိုက်ရတယ်။ ပြည်တွင်း ရှုံးထွက်ဖလားတွေဖြစ်တဲ့ လိဂ်ဖလားမှာ ဖိုင်နယ် တက်လှမ်းတယ်။ FA Cup မှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိပါတယ်။ ဒီပုံစံအတိုင်းသာဆိုရင် ချယ်လ်ဆီးက ပိုချက်တီနိုနဲ့ပဲ လာမယ့် ဘောလုံးရာသီတွေကို ဆက်လက် ဖြတ်သန်းခဲ့သင့်ပေမယ့် ရာသီအကုန်မှာပဲ လက်တွဲဖြုတ်လိုက်ပါတယ်။
Photo Credit: The Sun
တကယ်တော့ ပိုချက်တီနိုဟာလည်း ချယ်လ်ဆီး အတွက် လုံးဝကြီး သင့်တော်နေတဲ့ နည်းပြမျိုး မဟုတ်ပေမယ့် သူရဲ့ ပထမရာသီ အသင်းအတွက် စွမ်းဆောင်ပေးမှုတွေကတော့ သိပ်မဆိုးဘူးလို့ပဲ ပြောရမှာပါ။ ဒါပေမယ့် အခု ချယ်လ်ဆီးက ပိုချက်တီနိုနေရာ အစားထိုးလိုက်တဲ့ နည်းပြ အန်ဇို မာရက်စ်ကာဟာ ပိုချက်တီနိုလောက် အတွေ့အကြုံလည်း မရှိသလို နည်းပြသက်တမ်းကပါ နုနယ်သေးတဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကမှ လက်စတာကို ကိုင်တွယ်ခဲ့ရင်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ထားနိုင်တဲ့ မာရက်စ်ကာဟာ ဂွာဒီယိုလာနဲ့ မန်စီးတီးနဲ့ လက်တွဲခဲ့ဖူးသလို မန်စီးတီးအသင်း ဖလား(၃)လုံးရတဲ့ ရာသီမှာလည်း ဂွာဒီယိုလာလက်အောက် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း ချယ်လ်ဆီးက မာရက်စ်ကာအပေါ် အရမ်း impressed ဖြစ်နေတယ်လို့ ဆိုရမှာပါ။
Photo Credit: CaughtOffside
နောက်ပြီး လက်ရှိ ဘောလုံးလောကမှာလည်း လူငယ် ဘောလုံးနည်းပြတွေ အောင်မြင်နေချိန်လည်း ဖြစ်နေတာကြောင့် အသက် (၄၄)နှစ်သာ ရှိနေသေးတဲ့ မာရက်စ်ကာကို ချယ်လ်ဆီးက နည်းပြသစ်အဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အခုတော့ မာရက်စ်ကာက ချယ်လ်ဆီးနဲ့ ရာသီကြို ကာလကို စတင် ဖြတ်သန်းနေပါပြီ။ ဟောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး (၂)ဦး ပိုင်ဆိုင်ထားတဲ့ လိဂ်ဝမ်းကလပ် ဝရက်ဇ်ဟမ်းအသင်းကို (၂)ဂိုးစီ သရေကျပြီး စကော့တလန် ထိပ်သီး ဆဲလ်တစ်အသင်းကို (1-4) နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ်။ ရလဒ်တွေက ဘယ်လိုမှ အားရစရာ မကောင်းနေတဲ့အပြင် ကစားပုံ ကစားကွက်တွေကလည်း စိတ်ကျေနပ်စရာ ရှိမနေပါဘူး။
Photo Credit: We Ain’t Got No History
အဓိကတော့ ကစားသမား အသုံးပြုမှုအပိုင်းမှာလည်း ကစားသမားတွေကို သူတို့ အားသန်မယ့် နေရာတွေထက် ပုံစံပြောင်းလဲ အသုံးပြုထားတွေကလည်း အသင်းရလဒ်တွေကို ထိခိုက်စေရပါတယ်။ အခုတော့ ချယ်လ်ဆီး ပရိသတ်တွေကပါ ဒီနည်းပြရဲ့ သက်တမ်းကလည်း သိပ်မကြာတော့ဘူးလို့ပါ ပြောလာကြပါပြီ။ အခုက ခြေစမ်းပွဲလေး (၂)ပွဲတည်းသာ ရှိသေးတာမို့ ဒီလိုပြောဖို့က စောသေးတယ် ဆိုပေမယ့်လည်း ဒီနည်းပြနဲ့ ဒီအသင်း ရေရှည်လက်တွဲလို့ အဆင်ပြေနိုင်မပြေနိုင်ဆိုတာ ဒီပွဲ(၂)ပွဲမှာတင် မြင်ခဲ့ရတာမို့ မာရက်စ်ကာရဲ့ ချယ်လ်ဆီး နည်းပြ သက်တမ်းဟာလည်း တိုတောင်းဖွယ် ရှိလာနိုင်ပါတယ်။
Featured Photo: Goal