နည်းပြ အဲရစ် တန်ဟတ် လက်အောက်မှာ ကစားရမယ့် အရေးဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့အတွက် ကြီးမားတဲ့ လွှမ်းမိုးမှုတစ်ခု ဖြစ်ခဲ့တယ်လို့ အဲရစ်ဆင် က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

စပါးအသင်းနဲ့ ဘရန့်ဖို့ဒ် ကွင်းလယ်ကစားသမားဟောင်း အဲရစ်ဆင်ဟာ ယခုလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သရဲနီတို့နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : All Football

အသက် ၃၀ အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ ယူနိုက်တက်နည်းပြသစ်က သူ့ရဲ့ အပြောင်းအရွှေ့အတွက် များစွာလွှမ်းမိုးမှုရှိခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော် ဒီကိုအရမ်းပဲ လာကစားချင်နေခဲ့တာပါ။ အသင်းရဲ့ အမှတ်တံဆိပ်တစ်ခုတည်းအတွက် ကျွန်တော် ဒီအသင်းကိုလာခဲ့တာ မဟုတ်ပါဘူး။ ဒီအသင်းမှာ ကျွန်တော် ဘောလုံး လာရောက်ကစားချင်တာပါ။ ” နည်းပြ အဲရစ်တန်ဟတ်နဲ့ စကားပြောပြီး သူ့ရဲ့ အတွေးအမြင်တွေနဲ့ သူ့မှာရှိနေတဲ့ စိတ်ကူးတွေကို နားထောင်ကြည့်ခဲ့တဲ့အခါ ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာ ကစားနိုင်တယ်ဆိုတာ ခံစားမိပါတယ်”

” ကျွန်တော့်ရဲ့ကစားဟန်က သူ့ရဲ့စိတ်ကူးတွေနဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့နည်းနဲ့ ချိတ်ဆက်ပေးမယ့် အရာတစ်ခုလို့ မျှော်လင့်ပါတယ်။ ” ဒါကြောင့် သူ့ရဲ့ ကစားချင်တဲ့ နည်းစနစ်ပုံစံက ကျွန်တော်နဲ့ အံ့ဝင်ခွင်ကျဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်” လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။

နည်းပြ တန်ဟတ်ဟာ ကောင်းမွန်စွာလေ့ကျင့်ထားတဲ့ တိုက်စစ်အသားပေး ကစားဟန်တွေနဲ့အတူ နာမည်ကောင်းရရှိထားပြီး သူရဲ့ နည်းစနစ်ပိုင်းဟာ အဲရစ်ဆင်နဲ့ ကိုက်ညီမှုရှိမယ်လို့ ယုံကြည်ရပါတယ်။

Photo : Daily Mail

အဲရစ်ဆင်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ဝင်ရောက်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရပ်ခဲ့တဲ့ ဖြစ်ရပ်အပြီး ယူနိုက်တက်ကို ပြောင်းရွှေ့မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားထားခဲ့ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။

သရဲနီတွေဟာ သူတို့ရဲ့ ပရီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၇ ရက်နေ့ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နောက် ၂ ပတ်အကြာမှာ ပြိုင်ဘက်လီဗာပူးအသင်းကို အိမ်ကွင်းအို့ထရက်ဖို့ဒ်မှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ပထမဆုံးပွဲထွက်ခွင့် မရသေးပေမယ့် ယခုသီတင်းပတ်အကုန်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ရာယို ဗယ်လီကာနိုအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုနောက်ဆုံးပွဲစဉ် ၂ ပွဲမှာ ပါဝင် ကစားခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။