မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေဂျက်စ် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ပြောင်းရွေ့ကြေး ပေါင် ၄၆ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီး ကြာသပတေးနေ့မှာ အပြီးသတ်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

မာတီနက်ဇ်ရဲ့ အပြောင်းအရွေ့အတွက် မနေ့ကဗုဒ္ဓဟူးနေ့အထိ ကလပ်အသင်း ၂ သင်းကြားမှာ ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီး အေဂျက်စ်အသင်းရဲ့အမှုဆောင်ချူပ်နဲ့ ယူနိုက်တက် ဂိုးသမားဟောင်း ဗန်ဒါဆားက ဆွေးနွေးညှိနှိုင်းမှုတွေမှာ အဓိကပါဝင် ကူညီပေးခဲ့ပါတယ်။

Photo : Metro UK

အေဂျက်စ် အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အပိုဆုကြေးအပါအဝင် ပြောင်းရွေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့က အကြိတ် အနယ် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုအသစ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဟာ ယူနိုက်တက်မတိုင်ခင် အာဆင်နယ်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေစဉ်ကတည်းက အသင်းကနေထွက်ခွာလိုကြောင်း အေဂျက်စ်အသင်း တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

အဲရစ် တန်ဟတ် မထွက်ခွာမီ အေဂျက်စ်အသင်းနဲ့အတူ ဒက်ချ်လိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့နောက် မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစား သမားဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ အေဂျက်စ်အသင်းကို၂၀၁၉ ခုနှစ်ကတည်းက ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး လိဂ်ဖလား ၃ လုံးဆွတ်ခူး ရရှိထားပါတယ်။

မာတီနက်ဇ်ဟာ ကွင်းအတွင်းမှာ ကစားပွဲကိုအကောင်းဆုံး မြင်နိုင်စွမ်းရှိသူဖြစ်ပြီး တစ်ဦးချင်း အခြေအနေတွေမှာ ဘောလုံးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြတ်ကျော်နိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်း ဂျက်စတန်းက မာတီနက်ဇ်ဟာ ဗဟိုခံစစ် ၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်တဲ့ ထူးချွန်တဲ့ ကစားသမားတစ်ဦးလို့ ယုံကြည်ထားပါတယ်။

Photo : Football.London

” အရေးကြီးဆုံးက နောက်ခံလူတစ်ယောက်မှာ လိမ္မာပါးနပ်မှုရှိဖို့ပါပဲ ၊ မာတီနက်ဇ်က တိုးတက်မှုရှိတဲ့ ကစားသမားပါ ၊ အင်္ဂလန်ပရီးမီယာလိဂ်မှာ လျင်မြန်ဖျက်လတ်ပြီး ပြင်းထန်တဲ့ တိုက်စစ်အားကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ် ၊ ဒါကြောင့်အရေးကြီးတာက နောက်ခံလူဟာ လိမ္မာပါးနပ်နေဖို့ပါပဲ”

“မာတီနက်ဇ် က ခံစစ်ရဲ့ ရှေ့နေရာမှာလည်း ကောင်းကောင်းကစားနိုင်တဲ့သူ ဖြစ်တာကြောင့် တန်ဟတ်အနေနဲ့ အဲ့ဒီနေရာမှာ သုံးသွားမလားဆိုတာတော့ မပြောနိုင်သေးပါဘူး” လို့ ဂျက်စတန်း က ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ၎င်းတို့ရဲ့လူစာရင်းမှာ စီနီယာ နောက်ခံလူ ၆ ယောက်ရှိနေတာဖြစ်ပြီး အဲ့ဒီအထဲက အဲလက်စ် တွမ်ဇီဘီ ၊ ဖီးလ်ဂျုံး နဲ့ အဲရစ် ဘိုင်လီတို့အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ကစားသမား ၃ ယောက်အထိ ရောင်းချသွားဖို့ ရှိနေပါတယ်။

Featured Photo : Daily Mail