မန်ယူ အသင်းရဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ လက်ရှိမှာ ကျင်းပဆဲ ဖြစ်နေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲထဲ တစ်စက္ကန့်လေးမှ ပါဝင်ကစားထားရခြင်း မရှိသေးတဲ့ နယ်သာလန် ကစားသမားတွေဖြစ်သော နောက်ခံလူ ဒီလစ်နဲ့ တိုက်စစ်ကစားသမား ဇက်ခ်ဇီတို့ကို သိပ်မကြာခင်မှာပဲ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

lisandro martinez antony

Photo Credit: United in Focus

တန်ဟက်ဂ်က အေဂျက်စ်ကနေ မန်ယူကို ရောက်သွားချိန်မှာကတည်းက အေဂျက်စ်ကနေ အန်တိုနီနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ကို ခေါ်လိုက်တယ်။ အန်တိုနီက ခုထိကို သုံးစားမရပဲနဲ့ မာတီနက်ဇ်ကတော့ ခံစစ်မှာ ခြေစွမ်းပြသလောက် မကြာခဏ ဒဏ်ရာရနေပြန်ပါတယ်။ နောက်ရာသီကျတော့ သူနဲ့ အေဂျက်စ်မှာ လက်တွဲဖူးတဲ့ အိုနာနာကို ခေါ်တယ်။ အေဂျက်စ်မှာကတည်းက သူအရမ်း လိုချင်ခဲ့တဲ့ မေဆန်မောင့်ကို ခေါ်တယ်။ သူနဲ့ နယ်သာလန်မှာ လက်တွဲခဲ့ဖူးတဲ့ အမ်မရာဘတ်ကို ခေါ်ပြန်တယ်။ အိုနာနာက ပေးဂိုးတွေ များပြီး ဖုန်းတစ်ဂိုးရှင် ဖြစ်ခဲ့ရတယ်။ မောင့်ကတော့ မန်ယူမှာ ရှိရောရှိသေးရဲ့လားလို့ ထင်ရလောက်အောင် ဒဏ်ရာတွေ ကန်ထရိုက်စွဲထားတယ်။ အမ်မရာဘတ်ကျတော့ ရာသီကုန်ခါနီးမှ ထတောက်တယ်။

ten hag de ligt

Photo Credit: Reddit

အခုဆိုရင်လည်း တန်ဟက်ဂ် ခေါ်ယူမယ့် ကစားသမားထဲမှာ သူ့တပည့်ဟောင်း ဒီလစ်လည်း ပါလာပြန်ပါတယ်။ ဒီရာသီမှာ ကစားသမား အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တန်ဟက်ဂ် ဝင်ရောက် ပတ်သက်ခွင့် နည်းသွားရပြီ ဆိုပေမယ့်လည်း လက်ရှိ မန်ယူ ခေါ်ယူမယ့် ခံစစ်ကစားသမားတွေထဲမှာ ဒီလစ်ကသာ အသင်းဆီ ရောက်လာနိုင်ခြေ အများဆုံး ဖြစ်နေရပါတယ်။ တကယ်လို့ ဒီလစ်သာ ရောက်လာမယ်ဆိုရင် မန်ယူမှာ အေဂျက်စ် ကစားသမားဟောင်းတွေ တော်တော် စုံစုံလင်လင်တောင် ဖြစ်သွားပါလိမ့်မယ်။ အခု အနေအထားအရတော့ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးပိုင်းသာ သဘောတူညီမှု ရမယ်ဆိုရင် အပြောင်းအရွှေ့က သေချာပေါက် ဖြစ်လာပါတော့မယ်။

Zirkzee

Photo Credit: The Sun

နောက်ထပ် ကစားသမားက ဒီလစ်လို တန်ဟက်ဂ် တပည့်ဟောင်းတော့ မဟုတ်ပေမယ့် ဒီလစ်ရဲ့ နယ်သာလန်အသင်းဖော်ဖြစ်တဲ့ ဇက်ခ်ဇီပါ။ ဘိုလော့ဂ်နာမှာ တောက်ပခဲ့တဲ့ ဘိုင်ယန် ကစားသမားဟောင်း ဇက်ခ်ဇီက အသင်းတော်တော်များများရဲ့ ပစ်မှတ် ကစားသမားလည်း ဖြစ်နေရသူပါ။ ဒီတိုက်စစ်မှူးက အသက် (၂၃)နှစ်သာ ရှိသေးပြီးတော့ အရည်အသွေးမြင့် ကစားသမားလည်း ဖြစ်တဲ့အပြင် သူရဲ့ စာချုပ်လျော်ကြေးဟာလည်း ယူရို သန်း(၄၀)သာ ရှိနေပါတယ်။ ဇက်ခ်ဇီဟာလည်း မန်ယူ အသင်းဆီ ရောက်ရှိဖို့ သေချာလောက် ရှိနေပြီး ယူရိုပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာပဲ ဒီနယ်သာလန်သား နှစ်ဦးလုံး မန်ယူဆီ ရောက်လာနိုင်ပါတယ်။

Featured Photo: CaughtOffside