ပီအက်စ်ဂျီအသင်းဟာ လက်ရှိ အသင်းနည်းပြ ခရစ္စတိုဖာ ဂယ်လ်တီယာနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ ဖြစ်နေသော ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ယူလီယန် နာဂယ်စ်မန်း ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေတဲ့အပြင် အာဆင်နယ် ကစားသမားဟောင်းကြီး သီယာရီ အွန်နရီ ကိုပါ လက်ထောက်နည်းပြအဖြစ် တာဝန်ပေးချင်နေပါတယ်။
Photo Credit : talkSPORT
ပြင်သစ်လူမျိုး ဘောလုံးနည်းပြ ဂယ်လ်တီယာဟာ မနှစ်ကမှ ပီအက်စ်ဂျီနဲ့ စတင် လက်တွဲဖြစ်ပြီး၂၀၂၄ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့်လည်း သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခြင်း မရှိလို့ အသင်းက နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့အတွက် မော်ရင်ဟို ဇီဒန်း အင်းနရစ်တို့လို ချိန်ရွယ်ခဲ့ဖူးတဲ့ ပီအက်စ်ဂျီဟာ လက်ရှိမှာတော့ ဘိုင်ယန် နည်းပြဟောင်း နာဂယ်စ်မန်း ကိုသာ ဦးစာပေး ပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်ထားသလို ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
Photo Credit : Bavarian Football Work
နာဂယ်စ်မန်းဟာ အသက် ငယ်ရွယ်သေးပေမယ့် ကမ္ဘာ့အကောင်းဆုံး လူငယ်နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ဂျာမန်လူမျိုး ဖြစ်နေတဲ့အတွက်လည်း ဘောလုံးပညာရပ်ကို ကျွမ်းကျင် ပိုင်နိုင်မှုလည်း ရှိပါတယ်။ မထင်မှတ်ပဲ ဘိုင်ယန်ကနေ ထုတ်ပယ်ခံလိုက်ရချိန်မှာလည်း သူ့ကို ချယ်လ်ဆီး စပါးတို့လို ပရီးမီးယားလိဂ်အသင်းတွေက ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်ခဲ့သေးသလို လက်ရှိမှာ နည်းပြ အပြောင်းအလဲ လုပ်သွားချင်နေတဲ့ ပီအက်စ်ဂျီကပါ နာဂယ်စ်မန်း ကို စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပါတယ်။
Photo Credit : Eurosport
တကယ်လို့ ပီအက်စ်ဂျီဘက်က နာဂယ်စ်မန်း ကို နည်းပြအဖြစ် ခန့်အပ်ပြီးသွားခဲ့ရင်လည်း ပြင်သစ်ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟောင်းကြီးဖြစ်သူ အွန်နရီ ကိုပါ နာဂယ်စ်မန်းရဲ့ လက်ထောက်အဖြစ် ဆက်လက် ခန့်အပ်သွားဖို့လည်း ရှိနေတယ်လို့ ပြင်သစ်မီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းက ရီးယဲလ် မက်ဒရစ်က မာကို အဆန်စီယို နဲ့ စပို့တင်း လစ္စဘွန်းရဲ့ မန်နူရယ် အူဂါတီတို့ကို ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Featured Photo : Goal