နာမည် တက်တူး (Name Tattoos) တွေက ကျွန်တော်တို့ဘဝထဲက အရေးကြီး ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အကြောင်း ဖော်ပြဖို့အတွက် စွမ်းအားအကြီးဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ချစ်ရတဲ့သူတွေ ၊ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေနဲ့ မိသားစုဝင်တွေအတွက် အလေးနက်တန်ဖိုးထားကြောင်းကို နာမည်တက်တူးတွေ ရေးထိုးပြီး သက်သေတည်ကြပါတယ်။ နာမည်တက်တူးဒီဇိုင်းတွေကတော့ ရိုးရိုးရှင်းရှင်းပဲထိုးလို့ရသလို စိတ်ကူးဉာဏ်ရှိရင်ရှိသလို ကွန့်မြူးရေးနိုင်ပြီး အရွယ်အစားအားဖြင့်လည်း အကြီး/အသေးစိတ်ကြိုက် ချိန်ညှိရေးထိုးနိုင်ကာ လက်ချောင်းတွေကစလို့ ကျောပြင်အထိ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ရေးထိုးလို့ရတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်ချစ်ရသူတွေ ၊ ကိုယ့်ဘဝအတွက် အရေးကြီးဆုံးပုဂ္ဂိုလ်တွေရဲ့ နာမည် တွေကို ခန္ဓာကိုယ် အရေပြားပေါ်မှာ သေရာပါမှတ်ကျောက်တင် တက်တူးရေးထိုးချင်တဲ့ တက်တူးချစ်သူ ကွီးတို့အတွက် အိုင်ဒီယာကောင်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။
(၁) နတ်သမီးတောင်ပံ တက်တူးဒီဇီုင်း
Photo : The Trend Spotter
Angel Wings တက်တူးဒီဇိုင်းကတော့ ယောကျာ်းလေးရော မိန်းကလေးတွေပါ ရေးထိုးနိုင်မယ့် တက်တူးဒီဇိုင်းတစ်ခုပါ။ လမ်းညွှန်မှု ၊ ယုံကြည်မှု ၊ ကောင်းမြတ်မှုနဲ့ ကာကွယ်မှုစတဲ့ အဓိပ္ပါယ်တွေနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် လွတ်လပ်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုတွေကနေ ကင်းဝေးတယ်ဆိုတဲ့ သဘောကိုလည်း ဆောင်ပါတယ်။ နတ်သမီးတောင်ပံနဲ့ နာမည်ကို ပေါင်းစပ်ရေးထိုးတဲ့ တက်တူးဒီဇိုင်းကလည်း တော်တော်လေးကို လူကြိုက်များရေပန်းစားပြီး ဒါက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘဝရဲ့အမှတ်ရဆုံး ၊ တန်ဖိုးအထားရဆုံး လူပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရည်ညွှန်းဖော်ပြရမှာ ရေးထိုးကြပါတယ်။ နာမည်ကို အပြည့်အစုံရေးလို့ရသလို နာမည်အစ စာလုံးတစ်လုံးတည်းကိုပဲ ရေးထိုးနိုင်ပြီး ဆန္ဒရှိရင် အောက်မေ့သတိရခြင်း အထိမ်းအမှတ်အနေနဲ့ ကွယ်လွန်တဲ့ ရက်စွဲကိုပါ ပေါင်းထည့် ရေးထိုးနိုင်ပါတယ်။
(၂) မြှားပုံ တက်တူးဒီဇီုင်း
Photo : The Trend Spotter
ဦးတည်ချက်နဲ့ ဆုံးဖြတ်ချက်တစ်ခုခုနဲ့ ဆက်စပ်နေတဲ့ တက်တူးဒီဇိုင်းကို ထိုးချင်ရင် မြှားပုံတက်တူးတွေကို စဉ်းစားသင့်ပါတယ်။ Native American ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ မြှားပုံတက်တူးတွေမှာ လေးနက်တဲ့ အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်နေပါတယ်။ မြှားနဲ့ နာမည် ကိုပေါင်းစပ်ရေးထိုးတဲ့ တက်တူးဒီဇိုင်းကတော့ ကိုယ့်ဘဝရဲ့ အရေးပါဆုံးသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတစ်ဦးဦးကို ဂုဏ်ပြုဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို စိတ်ခွန်အားပေးနိုင်ဖို့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ မြှားနဲ့ နာမည်တက်တူးတွေမှာတော့ ရွေးချယ်စရာဒီဇိုင်းအမျိုးမျိုးရှိပြီး ဒီလူက ကိုယ့်ဘဝတစ်လျှောက်လုံး ပါဝင်ပတ်သတ်နေမယ်ဆိုတာကို ပြသဖို့အတွက်ဆိုရင်တော့ မြှားနှစ်ချောင်းကို ပေါင်းစပ်ရေးထိုးဖို့ လိုပါလိမ့်မယ်။
(၃) ညှပ်ရိုး တက်တူးဒီဇီုင်း
Photo : The Trend Spotter
နာမည် တက်တူးတွေကို ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြိုက်တဲ့နေရာလွတ်လွတ်လပ်လပ် ရေးထိုးနိုင်ပါတယ်။ ဒီထဲကမှအထာကျဆုံးနဲ့ နာမည်တက်တူးတွေ ရေးထိုးဖို့ အကောင်းဆုံး ဘော်ဒီအစိတ်အပိုင်းတစ်နေရာကတော့ ညှပ်ရိုးပေါ်မှာပါ။ ညှပ်ရိုးနေရာနဲ့ နာမည်တက်တူးတွေက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခု ဖြစ်ပါတယ်။ ချစ်ရသူတွေ ၊ မိသားစုနာမည်တွေကို ညှပ်ရိုးနှစ်ဖက်စလုံးမှာ ယှဉ်တွဲရေးထိုးပါတယ်။ တက်တူးဒီဇိုင်းအနေနဲ့ကတော့ သေးငယ်ပြီး ရိုးရှင်းတဲ့ ဒီဇိုင်းတွေကပိုပြီး လိုက်ဖက်မှုရှိပါတယ်။ ဒါပေမယ့် အရိုးနဲ့နီးတဲ့နေရာဖြစ်တဲ့အတွက် နာကျင်မှုပိုရှိနိုင်သလို တက်တူးဒီဇိုင်းက အနုစိတ်ရင်စိတ်သလို နာကျင်မှုလည်း ပိုခံစားရနိုင်ပါတယ်။
(၄) ခြေရာ တက်တူးဒီဇီုင်း
Photo : The Trend Spotter
ခြေရာနဲ့ နာမည်ကို ပေါင်းစပ်ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းတွေကတော့ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့လူတစ်ဦးတစ်ယောက်ကို ဂုဏ်ပြုဖို့ ရေးထိုးနိုင်သလို သားသမီးတွေကို ချစ်မြတ်နိုးကြောင်း ဖော်ပြရာမှာလည်း ရေးထိုးလေ့ ရှိကြပါတယ်။ ခြေရာတွေကို အတူတကွ ခရီးတစ်ခုစတင်လျှောက်လှမ်းခြင်းရဲ့ သင်္ကေတအဖြစ်လည်း မှတ်ယူလို့ ရတာကြောင့် ဘဝရဲ့လက်တွဲဖော် ဒါမှမဟုတ် မိဘတွေအပါအဝင် ကိုယ် ကိုယ်စားပြုချင်တဲ့ ဘယ်သူ့ကိုမဆို ရည်ညွှန်းရေးထိုးလို့ ရနိုင်ပါတယ်။
(၅) ရောမဂဏန်း တက်တူးဒီဇီုင်း
Photo : The Trend Spotter
Roman Numerals တက်တူးဒီဇိုင်းတွေကတော့ တက်တူးရေးထိုးသူ တော်တော်များများကြားမှာ ရေပန်းစားပြီးသား တက်တူဒီဇိုင်းတစ်ခုပါပဲ။ ဘဝရဲ့အရေးကြီးတဲ့ နေ့စွဲတွေ ၊ မွေးနေ့ ၊ အထိမ်းအမှတ်နေ့တွေနဲ့ အရေးပါတဲ့ ကိန်းဂဏန်းတွေကို ရောမစတိုင်ဂဏန်းတွေနဲ့ ရေးထိုးလေ့ရှိကြပါတယ်။ ချစ်ရသူတွေ ၊ ဘဝအတွက် အရေးပါသူတွေရဲ့ နာမည်တွေနဲ့ သူတို့နဲ့ သက်ဆိုင်တဲ့ အရေးကြီးနေ့စွဲတွေ ၊ ကိန်းဂဏန်းတွေကို ရောမဂဏန်းဒီဇိုင်းနဲ့ အထာကျကျ ရေးထိုးလို့ ရပါတယ်။
(၆) ရိုးရိုးရှင်းရှင်း အသေးစား တက်တူးဒီဇီုင်း
Photo : The Trend Spotter
တက်တူးထိုးမယ်ဆိုရင် ရိုးရိုးရှင်းရှင်းပဲ ကြိုက်တယ် ၊ အရွယ်အစား ခပ်သေးသေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းမျိုးမှ ကြိုက်တယ်ဆိုရင် အသေးစား တက်တူးဒီဇီုင်းတွေကို ရွေးချယ်နိုင်ပါတယ်။ နာမည် တွေကို အရွယ်အစား ခပ်သေးသေးပဲ ရေးထိုးတဲ့အခါ နာမည်အပြည့်အစုံထက် နာမည်အစစာလုံးလေးတွေကို ရေးထိုးတာက ပိုပြီး အထာကျပါတယ်။ ဒါက လျို့ဝှက်ရတာကြိုက်ပြီး သိုသိုသိပ်သိပ် နာမည်တက်တူး ရေးထိုးချင်သူတွေလည်း အကြိုက်တွေ့စေမှာပါ။ လက်ကောက်ဝတ် ၊ လက်ချောင်း ၊ လည်ပင်းနဲ့ နားရွက်အနောက်ဘက်အပါအဝင် နှစ်သက်ရာ အရေပြား အစိတ်အပိုင်းမှာ စိတ်ကြိုက်ပုံဖော် ရေးထိုးနိုင်ပါတယ်။
Featured Photo : Pinkvilla