နိဗ္ဗာန် အထိလည်း မရောက်ချင်ဘူး သူမ,အနားလည်း မရောက်နိုင်ဘူးဆိုတဲ့ ကွီးတို့အတွက် အကောင်းဆုံး အကြံပေးချင်တာကတော့ ခရီးသွားဖို့ပါပဲ။ ခရီးသွားတာဟာ အကောင်းဆုံး စိတ်ထွက်ပေါက် တစ်ခုဖြစ်သလို အတွေ့အကြုံ အသစ်အဆန်းတွေနဲ့ စိတ်ရောကိုယ်ပါ အပန်းပြေမှုတွေကို ရစေမှာပါ။ တစ်ကိုယ်တော် တစ်ယောက်တည်း အေးအေးဆေးဆေး အနားယူချင်တယ်ဆိုရင် လှပတဲ့ ကမ်းခြေတွေက ပြီးပြည့်စုံတဲ့ နိဗ္ဗာန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ်းခြေချစ်သူကွီးတို့ သေချာပေါက် သွားသင့်တဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်စုံနေတဲ့ နေရာတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Railay Beach – Krabi , Thailand

Railay Beach - Krabi , Thailand

Photo : Budget Your Trip

Railay ကမ်းခြေကတော့ ထိုင်းနိုင်ငံထဲက ကွယ်မြုပ်နေတဲ့ နိဗ္ဗာန် ဘုံလေးတစ်ခုလို့ ပြောရမှာပါပဲ။ ထိုင်းနိုင်ငံတောင်ပိုင်း Krabi ရဲ့ အုန်းတောကြားက ပုန်းအောင်းနေတဲ့ အပန်းဖြေစခန်း ဟိုတယ်တွေ ၊ သဘာဝရှုခင်းအလှတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့ အလှဆုံး ကမ်းခြေလေး တစ်ခု ဖြစ်ပါတယ်။ ပြာလဲ့လဲ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် စက်လှေနဲ့သွားရောက်လည်ပတ်နိုင်သလို Ao Nang လို့ခေါ်တဲ့ ချစ်စရာ အပန်းဖြေစခန်းမြို့ငယ်လေးဆီကိုလည်း သွားလည်နိုင်ပါတယ်။

(၂) Pink Beach – Komodo Island , Indonesia

Pink Beach - Komodo Island , Indonesia

Photo : Time Out

အမြင်အာရုံကို လှည့်စားထားတဲ့ လှည့်ကွက်တစ်ခုလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကမ်းခြေတစ်ခုလုံး ပန်းရောင်ဖုံးလွှမ်းနေတာကြောင့်ပဲ Pink Beach လို့ နာမည်ပေးထားရခြင်း ဖြစ်ပါတယ်။ ဒီကမ်းခြေလေးကတော့ အင်ဒိုနီးရှားနိုင်ငံ ၊ Komodo ကျွန်းမှာ တည်ရှိပါတယ်။ တကယ့်ကို အိပ်မက်ထဲက နိဗ္ဗာန် လေးတစ်ခု အသွင်ပါပဲ။ ကမ္ဘာပေါ်မှာ ပန်းနုရောင်သဲမြေကမ်းခြေ ၁၀ ခုသာရှိပြီး ဒီထဲက ၂ ဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတာ ဖြစ်ပါတယ်။

(၃) Marimegmeg Beach – Palawan , Philippines

Marimegmeg Beach - Palawan , Philippines

Photo : Time Out

ဖိလစ်ပိုင်နိုင်ငံထဲက Marimegmeg Beach ကတော့ နိုင်ငံခြားခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ သာယာလှပတဲ့ သဘာဝရှုခင်းတွေနဲ့ ညနေခင်း နေဝင်ချိန်အလှကို ငေးမောကြည့်ရင်း အကောင်းဆုံး အနားယူအပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ ရေနေသတ္တဝါတွေကို စိတ်ဝင်စားသူတွေအနေနဲ့လည်း ငါးမျိုးစိတ်ပေါင်း ၁၀၀ ကျော်ကို လေ့လာနိုင်မှာဖြစ်သလို ပင်လယ်ကြမ်းပြင်အောက်မှာ ခမ်းနားလှပစွာတည်ရှိနေတဲ့ သန္တာကျောက်တန်းတွေနဲ့ ပင်လယ်ပြင်ကြီးရဲ့ သဘာဝအလှတရားစစ်စစ်ကိုလည်း သွားရောက်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

(၃) My Khe Beach – Da Nang , Vietnam

My Khe Beach - Da Nang , Vietnam

Photo : Vietnam Tour

လှပတဲ့ သဘာဝရှုခင်းတွေ ကြည့်ဖို့ ၊ နေပူစာလှုံရင်း အနားယူအပန်းဖြေဖို့ ၊ Surfing လုပ်ဖို့ အကောင်းဆုံး ကမ်းခြေကို ရှာနေတယ်ဆိုရင်တော့ ဗီယက်နမ်နိုင်ငံရဲ့ အလယ်ပိုင်း ကမ်းရိုးတန်းမြို့ Da Nang မှာရှိတဲ့ My Khe ကမ်းခြေက သေချာပေါက် ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါပဲ။ ရင်သပ်ရှုမောဖွယ် သဲဖြူသောင်ပြင်တွေ ၊ အဆင့်မြင့် ဟိုတယ်ကြီးတွေနဲ့ အပန်းဖြေစခန်းတွေတည်ရှိရာ My Khe ကမ်းခြေဟာဆိုရင် Forbes မဂ္ဂဇင်းမှာပါ ဖော်ပြခြင်းခံခဲ့ဖူးရတဲ့ ဗီယက်နမ်ရဲ့ အထူးခြားဆုံး ကမ်းခြေတွေထဲကတစ်ခု ဖြစ်ပါတယ်။

ကဲဒါဆိုကွီးတို့က နိဗ္ဗာန် အထိမရောက်ချင်ဘူး သူမအနားလည်း မရောက်နိုင်ဘူးဆိုရင် အခုပြောပြခဲ့တဲ့နေရာတွေသာ သွားလိုက်ပါ။

Featured Photo : The Manual