အာရှတခွင်က နိုင်ငံအများစုဟာ လမ်းဘေး အစားအစာ Street Food တွေနဲ့ ပတ်သတ်ရင် နာမည်ကြီးပါတယ်။ နိုင်ငံတစ်ခုချင်းစီအလိုက် နာမည်ကြီးတဲ့ ထူးထူးခြားခြား Street Food စားစရာတွေ ရှိပါတယ်။ Street Food တွေဟာ ဈေးသက်သာပြီး အရသာရှိသလို အာရှနိုင်ငံတော်တော်များများရဲ့ လူနေမှုပုံစံတွေနဲ့ ဆက်စပ်နေတဲ့ အထင်ကရ အစားအစာတွေဘဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အာရှတခွင်ကို အလည်အပတ် ခရီးသွားတဲ့အခါ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ နိုင်ငံအလိုက် ရေပန်းစားတဲ့ Street Food တွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Takoyaki – ဂျပန်

Photo : Chef’s Pencil

Takoyaki ကတော့ ဂျပန်နိုင်ငံရဲ့ လမ်းဘေးဆိုင်တော်တော်များများမှာ တွေ့ရတက်တဲ့အထင်ကရ အစားအစာတစ်ခု ဖြစ်ပါတယ်။ ရေဘဝဲနဲ့ မုန့်နှစ်ကိုရောစပ်ပြီး အဝိုင်းခွက်ပုံစံ အိုလေးထဲမှာ ထည့်ကြော်ထားတဲ့အတွက် ရေဘဝဲလုံးလို့လည်း လူသိများပါတယ်။ မုန့်ရဲ့ အတွင်းဘက်က ပူပူနွေးနွေး အိအိလေးနဲ့ အရသာရှိပြီး အပြင်ဘက်တော့ ခပ်ကြွပ်ကြွပ်လေး ဖြစ်ပါတယ်။ Takoyaki ကြော်ပူပူလေးကို အပေါ်ကနေ ရေညှိခြောက် ၊ မရောနိစ် ၊ Takoyaki ဆော့စ်နဲ့ ငါးအသားလွှာခြောက်လေးတွေဖြူးပြီး အရသာရှိရှိတွဲဖက် စားလေ့ရှိပါတယ်။

(၂) Baozi – တရုတ်


Photo : Chef’s Pencil

Baozi သို့မဟုတ် Bao လို့ခေါ်တဲ့ ပေါက်စီကတော့ တရုတ်နိုင်ငံရဲ့ လူကြိုက်အများဆုံး နာမည်ကြီး သရေစာတစ်ခု ဖြစ်ပါတယ်။ ပေါက်စီကို အာရှနိုင်ငံ တော်တော်များများမှာလည်း ရနိုင်ပါတယ်။ ပေါက်စီအမျိုးအစားများစွာရှိပြီး အချိုအရသာကနေ အသားပေါင်းပေါက်စီအရသာအထိ မျိုးစုံရှိပါတယ်။ ကန်တုံစတိုင် ဝက်သားပေါက်စီနဲ့ ရှန်ဟိုင်းစတိုင် ဘဲသားပေါက်စီတွေကတော့ လူကြိုက်အများဆုံး ဖြစ်ပါတယ်။ နူးညံ့တဲ့ ပေါက်စီသားနဲ့ အတွင်းက အရသာရှိတဲ့ အဆာပလာတွေရဲ့ ပေါင်းစပ်မှုက ပေါက်စီရဲ့ အရသာကို ပိုမိုထူးကဲလေးနက် သွားစေပါတယ်။ အချိုပွဲ အတွက်ဆိုရင်တော့ ပဲနီပေါက်စီတွေက နာမည်ကြီးပါတယ်။

(၃) Sate Ayam (ဆာတေး) – အင်ဒိုနီးရှား / မလေးရှား


Photo : Chef’s Pencil

ဆာတေးလို့ လူသိများတဲ့ Sate Ayam ကတော့ အရှေ့တောင်အာရှတစ်ခွင်မှာ ရေပန်းစားတဲ့ အင်ဒိုနီးရှားနဲ့မလေးရှား နိုင်ငံတို့ရဲ့ Classic Street Food တစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် အသားကို နံနံမြစ် ၊ အင်ဒိုနီးရှား ပဲငံပြာရည် အချို ၊ အရသာမှုန့်တို့နဲ့ ရောထည့်နယ်ပြီး အရသာဝင်အောင် အချိန်ယူနှပ်ကာ ကင်ထားတာ ဖြစ်ပါတယ်။ ဆာတေး အသားကင်ကို များသောအားဖြင့် မြေမဲ ဆော့စ်နဲ့ တည်ခင်းလေ့ရှိပါတယ်။

(၄) Sundae – တောင်ကိုရီးယား


Photo : Chef’s Pencil

Sundae ကတော့ အမဲအူ သို့မဟုတ် ဝက်အူကို ဝက်သွေးနဲ့ ပေါင်းစပ်အစာသွပ် ဖန်တီးထားတဲ့ ကိုရီးယားစတိုင် ဝက်အူချောင်း ဖြစ်ပါတယ်။ Sundae ဝက်အူချောင်းကို ဘူဆန်စတိုင် ဆား ၊ ငရုတ်ကောင်း ၊ Ssamjang ဆော့စ် ၊ ငရုတ်သီးစိမ်းတို့နဲ့ တွဲဖက်ပြီး စားလေ့ရှိတဲ့ နာမည်ကြီး တောင်ကိုရီးယား လမ်းဘေးအစားအစာတစ်မျိုး ဖြစ်ပါတယ်။

(၅) Gỏi Cuốn – ဗီယက်နမ်

Photo : Chef’s Pencil

ဗီယက်နမ်နိုင်ငံရဲ့ ရေပန်းအစားဆုံး Street Food တစ်မျိုးဖြစ်တဲ့ Gỏi Cuốn ကတော့ လတ်ဆတ်တဲ့အသီးအရွက်တွေနဲ့ ပုစွန်တို့ကို ရောလိပ်ထားတဲ့ ကော်ပြန့်လိပ်တစ်မျိုး ဖြစ်ပါတယ်။ စက္ကူရွက်လေးလို ပါးလွှတဲ့ ကော်ပြန့်ရွက်အတွင်းထဲမှာ ဆလတ်ရွက် ၊ ပဲပင်ပေါက် ၊ ခေါက်ဆွဲ ၊ ပင်စိမ်း ၊ ပုဇွန်တို့ကို ထည့်လိပ်ထားပြီး ပဲငံပြာရည် ၊ ဗီယက်နမ်စတိုင် မြေပဲဆော့စ်အနှစ်နဲ့ တွဲဖက်တည့်ခင်းရတာ ဖြစ်ပါတယ်။ ကော်ပြန့်လိပ် ထုပ်ပိုးမှုပုံစံ အကြည်လေးဖြစ်တာကြောင့် အတွင်းက အဆာပလာတွေကို မြင်နေရပြီး တကယ့်ကို စားချင်စဖွယ်ပြင်ဆင်ထားတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

(၆) Samosa – အိန္ဒိယ


Photo : Chef’s Pencil

ကြွပ်ကြွပ်ရွရွ စမူဆာ Samosa ကြော်ကတော့ အိန္ဒိယနိုင်ငံရဲ့ အထင်ရှားဆုံး လမ်းဘေးအစားအစာတစ်ခု ဖြစ်ပါတယ်။ စမူဆာရွက် / ကော်ပြန့်ရွက်ထဲမှာ အာလူး ၊ ဟင်းသီးဟင်းရွက် နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ သမအောင်နယ်ထားတဲ့ အဆာပလာတွေထည့်ပြီး ဆီများများနဲ့ ကြော်ထားတာ ဖြစ်ပါတယ်။ တစ်ရံတစ်ခါမှာ နုတ်နုတ်ဆင်းထားတဲ့ အသားထည့်ကြော်ထားတဲ့ အသားစမူဆာတွေလည်း ရနိုင်ပါတယ်။ ကြွပ်ကြွပ်ရွရွနဲ့ သင်းပျံ့မွှေးကြိုင်တဲ့ စမူဆာကြော်ကို ဒိန်ချဉ် ၊ အိန္ဒိယစတိုင် ဆော့စ်အနှစ်တို့နဲ့ တွဲစားလေ့ရှိပါတယ်။

(၇) Khao Niao Mamuang – ထိုင်း


Photo : Chef’s Pencil

Khao Niao Mamuang ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး ရိုးရာအချိုပွဲ စားစရာတစ်ခု ဖြစ်ပါတယ်။ တော်တော်များများကတော့ သရက်သီး အုန်းနို့ကောက်ညှင်းပေါင်း စားစရာလို့ လူသိများပါတယ်။ အိစက်တဲ့ ကောက်ညှင်းပေါင်းကို အုန်းနို့ဆမ်းထားပြီး ချိုချဉ်အရသာ သရက်သီးစိပ်လေးတွေနဲ့ တွဲဖက်စားရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လမ်းဘေးဆိုင်လေးတွေကနေ စားသောက်ဆိုင်တွေအထိ သရက်သီး အုန်းနို့ကောက်ညှင််းပေါင်း အချိုပွဲကို ရနိုင်ပါတယ်။ ရိုးရှင်းပြီး အရသာရှိတဲ့ သရက်သီး အုန်းနို့ကောက်ညှင်းပေါင်းဟာ နွေရာသီလို့ ကာလတွေမှာ အပူဒဏ်သက်သာစေဖို့ စားလေ့ရှိတဲ့ Street Food တစ်မျိုးလည်း ဖြစ်ပါတယ်။

Featured Photo : Tokyo Cheapo