Super Sunday ရဲ့ အကောင်းဆုံးသော ပရီးမီးယားလိဂ် ပွဲစဥ်တစ်ပွဲဖြစ်တဲ့ နယူးကာဆယ် ယူနိုက်တက်အသင်း နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲမှာ ဧည့်သည် လီဗာပူးလ်က ပွဲကစားချိန် တစ်နာရီနီးပါးလောက်အထိ ကစားသမားတစ်ယောက်လျော့နဲ့ ကြိုးစား ကစားခဲ့ရင်း နောက်ဆုံးမှာတော့ လူစားဝင် ကစားသမား နူးညက်ဇ်ရဲ့ ဂိုးတွေနဲ့ Special Comeback နိုင်ပွဲကြီးတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။

gordon

Photo Credit : Twitter

နယူးကာဆယ်က ပြီးခဲ့တဲ့ တစ်ပတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် တစ်ဂိုးတည်းနဲ့သာ ရှုံးနိမ့်အောင် ကစားထားနိုင်သလို ဗီလာနဲ့ ပရီးမီးယားလိဂ် တာထွက်မှာလည်း ဂိုးအပြတ်အသတ်နဲ့ကို အနိုင်ရထားခဲ့ပါတယ်။ လီဗာပူးလ်ကို စိန့်ဂျိမ်းစ်ပတ်ခ်မှာ ဧည့်ခံ ကစားချိန်မှာလည်း နယူးကာဆယ်က အသေအချာ ဖိအားပေးနိုင်ခဲ့ရင်း လီဗာပူးလ် ညာနောက်ခံလူ အာနိုးရဲ့ အမှားကနေ အန်တိုနီ ဂေါ်ဒွန်က နယူးကာဆယ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

van dijk

Photo Credit : Twitter

ဒီလို သွင်းဂိုးတစ်ဂိုးနဲ့ ဦးဆောင်ထားပြီး မကြာခင်လေးမှာပဲ အက်ဆက်ခ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဗန်ဒိုက်ကို ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ် ပြလိုက်တာကြောင့် နယူးကာဆယ်တို့ ကစားသမားတစ်ယောက်ပါ အသာရသွားခဲ့ပါသေးတယ်။ ဒါဟာ လီဗာပူးလ်အတွက် အတော်လေးကို ခက်ခဲသွားစေခဲ့ရတဲ့ အခြေအနေလည်း ဖြစ်ခဲ့ရပြီး ဘုန်းမောက်နဲ့ပွဲမှာလည်း ဒိုင်တွေရဲ့ အူကြောင်ကြောင် ဆုံးဖြတ်ချက်တွေကြောင့် မက် အယ်လစ္စတာကို အထုတ်ခံခဲ့ရပါသေးတယ်။

nunez lfc

Photo Credit : Twitter

နယူးကာဆယ်က ကစားသမားတစ်ဦး အသာရသွားချိန်မှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပဲ လီဗာပူးလ်ကတော့ ကစားသမား အပြောင်းအလဲကို မှန်ကန် တိကျအောင် လုပ်ဆောင်နိုင်ခဲ့ရင်း လူစားဝင် ကစားသမား ဒါဝင် နူးညက်ဇ်ကပဲ လိုအပ်နေတဲ့ ချေပဂိုးအပြင် Special Comeback သွင်းဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်တိုက်အထိ straight red card တွေ တောက်လျှောက် ပြသခံခဲ့ရပေမယ့် ပွဲကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်မှုနဲ့ ကစားသမားတွေရဲ့ တိုက်ပွဲဝင်လိုစိတ်တွေက လုံးဝကို အသိအမှတ်ပြုချင်စရာ ကောင်းလွန်းနေရပါတယ်။

Featured Photo : Twitter