မနက်ခင်းမှာ ကော်ဖီ ပူပူလေး တစ်ခွက်ရှိရင် သင့်ရဲ့တစ်နေ့တာက ပိုလှသွားစေမှာ အသေအချာပဲလို့ ပြောကြပါတယ်။ ဟုတ်ပါတယ် ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က ကွီးတို့ရဲ့စိတ်အာရုံကို နိုးကြားတက်ကြွစေပြီး တစ်နေ့တာလုံး လန်းဆန်းနေစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ကော်ဖီဟာ ကွီးတို့ရဲ့ အသားအရေ ကိုပါ လန်းဆန်းနုပျိုစေတဲ့ ကောင်းကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဒီအတွက် ကွီးတို့လုပ်ရမှာ တစ်ခုတည်းပါပဲ။ ကွီးတို့ ကော်ဖီသောက်ပြီးချိန်မှာ အနည်ထိုင်ကျန်ခဲ့တဲ့ ကော်ဖီမှုန့်တွေကို လွှင့်မပစ်ပဲ Scrub အနေနဲ့ ပြန်လည်အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အသားအရေကို နူးညံ့လွန်းပါတယ်ဆိုတဲ့ ချစ်သူလေးရဲ့ ပါးပြင်လေးထက်ပိုပြီး နူးညံ့ချောမွေ့နေစေဖို့ ကော်ဖီမှုန့်နဲ့ အိမ်မှာကိုယ်တိုင် ပြုလုပ်နိုင်မယ့် ကော်ဖီ Scrub ပြုလုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ကော်ဖီ + သံလွင်ဆီ + သကြား Scrub

Coffee And Sugar Scrub

Photo : StyleCraze

ကော်ဖီဟာ အသားအရေကို တင်းရင်းစေပြီး သံလွင်ဆီကတော့ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးကာ အသားအရေကို အစိုဓာတ်ထိန်းပေးပါတယ်။ ဒီ ကော်ဖီ ၊ သံလွင်ဆီနဲ့ သကြား အရောအစပ် Scrub မှာ Antioxidants တွေအများကြီး ပါဝင်တာကြောင့် အသားအရေကျန်းမာရေးကို မြှင့်တင်ပေးပြီး အသားအရေကို ပိုးသားလေးလို နူးညံ့ချောမွေ့နေစေမှာပဲ ဖြစ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ကော်ဖီကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

အရင်ဆုံး ပန်းကန်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေ အားလုံးရောထည့်ပြီး မွှေပေးပါ။ ရေချိုးချိန်မှာ အဆိုပါ Scrub ကို မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ ပွတ်လိမ်းပြီး သုံးနိုင်ပါတယ်။ ကျန်တဲ့ ကော်ဖီ Scrub တွေကို လေလုံတဲ့ ဗူးထဲထည့်သိမ်းထားမယ်ဆိုရင် ၁ လလောက်ထားပြီး အသုံးပြုနိုင်ပါတယ်။

(၂) ကော်ဖီ + အုန်းဆီ + ဒိန်ချဉ် + သံပုရာ Scrub

Coffee And Coconut Oil Scrub

Photo : StyleCraze

ကော်ဖီက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သံပုရာရည်က အသားအရေကို ကြည်လင်တောက်ပြောင်စေပါတယ်။ ဒိန်ချဉ်နဲ့ အုန်းဆီကတော့ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။ ဒီကော်ဖီ ၊ အုန်းဆီ ၊ ဒိန်ချဉ် နဲ့ သံပုရာ အရောအစပ် Scrub ဟာ မယုံနိုင်လောက်အောင် အသားအရေကို လန်းဆန်းစေပြီး နူးညံ့ချောမွေ့စေပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ကော်ဖီကြမ်းမှုန့် (မဖျော်ရသေးတဲ့ ကော်ဖီမှုန့်) စားပွဲတင်ဇွန်း ၂ ဇွန်း
  • အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုရာသီး ၁ စိပ်

အသုံးပြုနည်းအဆင့်ဆင့်

အရင်ဆုံး ဖန်ပန်းကန်ထဲမှာ ပါဝင်ပစ္စည်းတွေ အားလုံးရောထည့်ပြီး မွှေပေးပါ။ ရလာတဲ့ Scrub ကို မျက်နှာနဲ့ ခန္ဓာကိုယ်အရေအပြား အနှံ့ ညင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၀ – ၁၅ မိနစ်ခန့်ထားပြီး ရေလောင်းချလိုက်လို့ ရပါပြီ။

(၃) ကော်ဖီ + ရှားစောင်းလက်ပတ် Scrub

Coffee And Aloe Vera Scrub

Photo : StyleCraze

ရှားစောင်းလက်ပတ်ဟာ အသားအရေအတွက် အလွန်ကောင်းတဲ့ သဘာဝကပေးတဲ့ နတ်ဆေးတစ်မျိုးပါပဲ။ အသားအရေကို ရေဓာတ် အလုံအလောက် ဖြည့်တင်းပေးပြီး အေးမြလန်းဆန်းစေပါတယ်။ ကော်ဖီနဲ့ ရှားစောင်းလက်ပတ် Scrub ကို အသုံးပြု နုနယ်ပေးခြင်းဖြင့် အသားအရေကို သဘာဝအတိုင်း နူးညံ့ချောမွေစေပြီး ကျန်းမာစိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ကော်ဖီကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၃ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

အရင်ဆုံး ပန်းကန်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ ကော်ဖီနဲ့ ရှားစောင်းလက်ပတ်ကို ရောထည့်ပြီး သမသွားအောင် သေချာလေး မွှေပေးပါ။ ထို့နောက် မွှေထားတဲ့ ကော်ဖီ Scrub အရောအစပ်ကို မျက်နှာနဲ့ ခန္ဓာကိုယ်အရေအပြား အနှံ့ ညင်သာစွာ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၀ မိနစ်ခန့်လောက် ထားပြီးရင်တော့ ရေလောင်းချလိုက်လို့ ရပါပြီ။

(၄) ကော်ဖီ + ပျားရည် + ကိုကိုးမှုန့် + ဒိန်ချဉ် Scrub

Coffee And Honey Face Scrub

Photo : StyleCraze

ဒီ ကော်ဖီ ၊ ပျားရည် ၊ ကိုကိုးမှုန့်နဲ့ ဒိန်ချဉ် အရောအစပ် Face Pack က အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်ပါဝင်ပါတယ်။ အသားအရေကို နုပျိုစိုပြေစေရုံသာမက သဘာဝအတိုင်း ကြည်လင်တောက်ပြောင်စေပါတယ်။ ပျားရည်မှာ ဘက်တီးရီးယားပိုးမွှားတွေကို နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိတွေပါရှိပြီး ဝက်ခြံလို အသားအရေပြဿနာတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဒိန်ချဉ် ၊ ကိုကိုးမှုန့်တို့နဲ့ ရောစပ်ထားတဲ့အတွက်အသားအရေအတွက် အစိုဓာတ်ကိုပါ ထိန်းပေးပြီး နူးညံ့ချောမွေတဲ့ အသားအရေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ကော်ဖီကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

ပန်းကန်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေအားလုံးကို ရောထည့်ပြီး သေချာနှံ့သွားအောင် မွှေပေးပါ။ ပြီးတဲ့အခါ ရလာတဲ့ ကော်ဖီ Scrub အရောအစပ်ကို မျက်နှာနဲ့ ခန္ဓာကိုယ်အရေအပြားအနှံ့ ညင်သာစွာ ပွတ်လိမ်းပြီးပေးပါ။ အချိန် ၁၀ မိနစ်လောက် ထားပြီးပြီဆိုရင်တော့ ရေအေးနဲ့ ဆေးချလိုက်လို့ ရပါပြီ။

အခုပြောပြပေးခဲ့တာကတော့ ကွီးတို့ရဲ့ အသားအရေလေးကို နူးညံ့ချောမွေနေစေဖို့ ကုန်ကျစရိတ်သိပ်မများတဲ့ DIY ကော်ဖီ Scrub ပြုလုပ်နည်းလေးတွေပါ။ လွယ်လွယ်ကူကူ အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်လို့ အသားအရေ ထိန်းသိမ်းချင်တဲ့ ကွီးတို့အနေနဲ့ စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Featured Photo : MensXP