မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံ ကစားသမား ဟာရီ မက်ဂွိုင်းယား ကတော့ လာမယ့် ဘောလုံးရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ပုံမှန် ပွဲကစားခွင့်တွေ ပြန်လည် ရရှိနိုင်ဖို့အတွက် အားလပ်ရက်မှာ လေ့ကျင့်ခန်း အစီအစဉ်တွေကို အပြင်းအထန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

harry maguire

Photo Credit : Football365

လက်ရှိမှာ အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံ ကစားသမား မက်ဂွိုင်းယား ဟာ လက်စတာကနေ ယူနိုက်တက်ဆီကို ပေါင် သန်း (၈၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက် ကစားသမားဘဝ တစ်နှစ် မပြည့်ခင်မှာပဲ အသင်းခေါင်းဆောင် ရာထူးကိုပါ လက်ခံ ရရှိခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက လက်စတာမှာလို ခြေစွမ်းမျိုး မပြသနိုင်တဲ့အပြင် အမှားတွေသာ ဆက်တိုက် ကျူးလွန်ပြီး ရုန်းကန်နေခဲ့ရပါတယ်။

maguire manutd

Photo Credit : Sports Brief

ဒီလိုမျိုး ခြေစွမ်းပိုင်းတွေ ကျဆင်းနေတဲ့ မက်ဂွိုင်းယားကို ယူနိုက်တက်အသင်းဘက်က အသင်းကနေ ပြန်လည် ရောင်းထုတ်ချင်နေပြီး တကယ်လို့ ရောင်းထုတ်လို့ မရရင်တောင်မှ သူရဲ့ အသင်းခေါင်းဆောင် ရာထူးကို ဖယ်ရှားသွားဖို့ပါ စီစဉ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မက်ဂွိုင်းယား ကတော့ လက်ရှိ သူရဲ့ နွေရာသီ အားလပ်ရက်တွေအတွင်း တစ်ဦးချင်း လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်လျက် ရှိနေပြီး လွန်ခဲ့တဲ့ (၃)ပတ်အတွင်းမှာလည်း တစ်ရက်ကို (၃)ကြိမ်တိတိ လေ့ကျင့်ခန်းတွေ ဆက်တိုက် အပြင်းအထန် လုပ်ဆောင်လို့ နေပါတယ်။

maguire and carvalho

Photo Credit : Record

ဒီလို လေ့ကျင့်ခန်းတွေမှာ အာရုံစိုက်နေတဲ့ မက်ဂွိုင်းယား ဟာ ပေါ်တူဂီ လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်ပြီး ရီးယဲလ် မက်ဒရစ် နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ပါဝင် ကစားခဲ့ဖူးသူ ရီကာဒို ကာဗယ်လ်ဟိုနဲ့ပါ အတူတူ လေ့ကျင့်ခန်းတွေ ဆင်းနေခဲ့ပါတယ်။ မက်ဂွိုင်းယားက သူဟာ ဒီနွေရာသီ ယူနိုက်တက်ရဲ့ အရောင်း ကစားသမားစာရင်းမှာ ပါဝင်နေပေမယ့် တခြား အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ထက် ယူနိုက်တက်မှာသာ နေရာ တစ်နေရာ ပြန်လည် ရရှိရေးကိုသာ အာရုံစိုက်ပြီး ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

Featured Photo : VOI