နေ့စဉ် နေ ပူထဲသွားလာလှုပ်ရှားရသူတွေအတွက် မရှိမဖြစ်လိုအပ်တာကတော့ နေရောင်ကာခရင်မ် ပါပဲ။ ကွီးတို့ရဲ့ အသားအရေကို နေ လောင်ဒဏ်ကနေ ကာကွယ်ပေးဖို့ မှန်ကန်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးဖို့ လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းဟာ အသားအရေပျက်စီးခြင်း ၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်းနဲ့ နောက်ဆုံးအဆင့် အရေပြားကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။ အတက်နိုင်ဆုံး နေပူထဲထွက်တာကို ရှောင်သင့်ပေမယ့် မဖြစ်မနေ ရှောင်လွဲလို့မရတဲ့အခြေအနေဆိုရင်တော့ ကွီးတို့ရဲ့ အရေပြားကို နေရောင်ကာခရင်မ်နဲ့ ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဒါဆို နေရောင်ကာခရင်မ်ကို ဘယ်လိုရွေးချယ်မလဲ။ နေရောင်ကာခရင်မ် ရွေးချယ်တဲ့အခါ အဓိက ပါဝင်ပစ္စည်းတွေ ၊ ဘေးကင်းမှုနဲ့ ဖြစ်နိုင်ချေရှိတဲ့ အဆိပ်အတောက်ဖြစ်စေနိုင်သော ဓာတ်မတည့်မှုများကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။

(၁) SPF ပါဝင်မှုကို စဉ်းစားပါ

Photo : Outdoor Swimmer

SPF ဆိုတာကတော့ အဓိကအားဖြင့် နေရောင်ကာခရင်မ်ကနေ UVB ရောင်ခြည်တွေကို ဘယ်လောက်ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်ဆိုတာကို တိုင်းတာခြင်း ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ အနည်းဆုံး SPF 15 ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို အသုံးပြုခြင်းဟာ နေ့စဉ် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အရေပြားအထူးကု ဆရာဝန်အများစုကတော့ UVB Rays တွေရဲ့ ၉၇ ရာခိုင်နှုန်းခန့်ကို တားဆီး ပိတ်ဆို့နိုင်ဖို့ SPF 30 ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို အနည်းဆုံးသုံးဖို့ အကြံပြုထားပါတယ် (SPF 15 ဟာ ခရမ်းလွန်ရောင်ခြည်ရဲ့ ၉၃ ရာခိုင်နှုန်းကိုသာ ကာကွယ်ပေးနိုင်ပါတယ်)။ နေရောင်ကာခရင်မ်ကို မျက်နှာအပါအဝင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့နိုင်တဲ့ အရေပြားနေရာ အားလုံးကို လိမ်းပေးဖို့လိုပါတယ်။

(၂) ပါဝင်ပစ္စည်းတွေကို စစ်ဆေးပါ

Photo : Prevention.com

နေရောင်ကာခရင်မ်မှာ ပါဝင်တဲ့ Ingredients တွေကိုလည်း မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ် ၊ ဇင့်အောက်ဆိုဒ်နဲ့ Avobenzone ပါဝင်တဲ့ ဖော်မြူလာတွေကို ရှာဖွေပါ။ ဗီတာမင် A (အများအားဖြင့် Retinyl Palmitate လို့ဖော်ပြထားပါတယ်) ပါတဲ့နေရောင်ကာခရင်မ်တွေကို ရှောင်ပါ။ ဗီတာမင် A က အရေပြားအကျိတ်ဖြစ်ပွားနှုန်းကို တိုးမြင့်စေတယ်လို့ ဆိုပါတယ်။

(၃) SPF များများပါတဲ့ နေရောင်ကာခရင်မ်ကို ရွေးပါ

Photo : ZaynMyza

နေရောင်ခြည်ဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိဖို့ဆိုရင် SPF 30 ကနေ 50 အထိပါရှိတဲ့ နေရောင်ကာခရင်မ်တွေကို ရွေးချယ်အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ဒီပမဏဟာ ကွီးတို့ရဲ့ အသားအရေကို နေလောင်ဒဏ်မှ ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။ SPF 50 အထက်ပါတဲ့ ထုတ်ကုန်တွေကို ရှောင်ပါ။ ဘာလို့ဆို SPF 50 အထက်လို့ ဖော်ပြထားတဲ့ နေရောင်ကာခရင်မ်တွေက SPF 50 ပါတဲ့ နေရောင်ကာခရင်မ်တွေထက် သာလွန်ထူးကဲပြီး အကျိုးသက်ရောက်တာမျိုး မရှိပဲ ဈေးကြီးတာပဲ ရှိလို့ပါ။

(၄) နေရောင်ကာခရင်မ် ဖော်မြူလာ

Photo : Bloomberg.com

လက်ရှိ ဈေးကွက်ထဲမှာရနိုင်တဲ့ အသုံးအများဆုံး နေရောင်ကာခရင်မ် ဖော်မြူလာ ၃ မျိုးရှိပါတယ်။ တစ်ခုစီမှာ ကိုယ်စီအကျိုးကျေးဇူးများစွာပြီး မှန်ကန်စွာအသုံးပြုပါက နေရောင်ခြည်ဒဏ်ကို ပိုမိုထိထိရောက်ရောက် ကာကွယ်မှု ပေးစွမ်းနိုင်ပါလိမ့်မယ်။

Sprays

Sprays ပုံစံ နေရောင်ကာခရင်မ်တွေကတော့ အသုံးပြုရလွယ်ကူပြီး လက်နဲ့အလွယ်တကူလိမ်းဖို့ခက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြန်းဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။ အဓိကအားဖြင့် ခန္ဓာကိုယ်အမွှေးအမျှင်ထူထဲသူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ သတိထားရမှာတစ်ခုက နေရောင်ကာခရင်မ် Sprays ဖြန်းနေစဉ် Sprays ကို မရှူမိစေဖို့ သေချာဂရုစိုက်ပါ။

Lotions

Lotions ပုံစံကတော့ လက်ရှိအသုံးအများဆုံးနဲ့ လူတိုင်းသုံးနိုင်တဲ့ နေရောင်ကာခရင်မ် ဖော်မြူလာ တစ်ခုဖြစ်ပါတယ်။ အသားအရေ အမျိုးအစား အမျိုးမျိုးအလိုက် ကိုက်ညီမှုရှိတဲ့ နေရောင်ကာခရင်မ် Lotions ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Sticks

ဒါကတော့ ခရီးသွားချိန်ဖြစ်ဖြစ် ၊ ဟိုနားဒီနားအပြင်သွားချိန်မှာပဲဖြစ်ဖြစ် အိတ်ဆောင်သယ်သွားလို့ အကောင်းဆုံး ပုံစံတစ်မျိုးပါ။ ကွီးတို့ရဲ့ အရေပြားပေါ် လွယ်လွယ်ကူကူ ပွတ်လိမ်းခြင်းဖြင့် နေရောင်ကာခရင်မ် Sticks တွေကို အသုံးပြုနိုင်ပါတယ်။ အလုပ်ရှုပ်သက်သာပြီး အချိန်မပေးနိုင်သူတွေအတွက် အဆင်ပြေဆုံး ရွေးချယ်မှုဖြစ်ပါတယ်။ နေရောင်ကာခရင်မ် Sticks တွေက ယိုစိမ့်နိုင်ခြေ အနည်းငယ်သာရှိတဲ့အတွက် အိတ်ဆောင်သယ်ဖို့ တော်တော်လေး အဆင်ပြေပါတယ်။

(၅) နေရောင်ထိတွေ့မှုကို သုံးသပ်ပါ

Photo : Healthline

နေရောင်ကာခရင်မ် ရွေးချယ်ရာမှာ သတိထားရမယ့် တစ်ခုတည်းသောအချက်က ကွီးတို့အနေနဲ့ နေရောင်ခြည်နဲ့ ဘယ်လောက်များများ ထိတွေ့မှုရှိလဲဆိုတာကို ပြန်သုံးသပ်ဖို့ပါပဲ။ ဥပမာအနေနဲ့ နေရောင်ခြည်ကို ဘယ်လောက်ကြာကြာ ထိတွေ့ရမယ် ၊ နေအပူရှိန် ဘယ်လောက် ပြင်းလဲ ၊ နေနဲ့ ထိတွေ့စဉ်မှာ ဘယ်လို လှုပ်ရှားမှုတွေ လုပ်နေလဲဆိုတာ စဉ်းစားရပါမယ်။ ခရမ်းလွန်ရောင်ခြည်ဟာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အပြင်းဆုံးဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ နဲ့ အထက်မှာ အကာအကွယ်မပါတဲ့ အသားအရေဟာ ၁၅ မိနစ် သို့မဟုတ် ဒီထက်နည်းတဲ့ အချိန်အတွင်း လောင်ကျွမ်းနိုင်ပါတယ်။ အကယ်၍ အပြင်ထွက်ချိန် နှစ်နာရီနဲ့အထက်ကြာမယ်ဆိုပါက နေရောင်ကာခရင်မ်ကို SPF 30 နဲ့အထက် လိမ်းပါ။ အားကစားလုပ်တာ ၊ ရေကူးတာတို့ဆိုရင် ချွေးစိုခံ ဒါမှမဟုတ် ရေစိုခံတဲ့ နေကာခရင်မ်ကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ SPF 30 နဲ့ အထက်ပါတဲ့ နေရောင်ကာခရင်မ်ကို အားကစားလုပ်နေစဉ် မိနစ် ၄၀ ကနေ မိနစ် ၆၀ ကြာပြီးတိုင်း နောက် တစ်ကြိမ် ထပ်လိမ်းပေးဖို့ လိုပါတယ်။

Featured Photo : Healthline