နှစ်သစ် တစ်နှစ် အစပြုတော့မယ်ဆိုတာနဲ့ အကောင်အထည် ဖော်ချင်တဲ့ အိပ်မက် တွေ အကုန်လုံးကို ချရေးတတ်ပြီး ထိုအိပ်မက်များကို အကောင်အထည်ဖော်ချင်စိတ်များ ပြင်းပြနေပါလိမ့်မယ်။ အစပိုင်းမှာတော့ ဟုတ်မလိုလိုနဲ့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး ရက်အနည်းငယ်လည်း ကြာရော နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်သွားတာမျိုးလည်း ကြုံတွေ့ရမှာပါပဲ။ ဒီလိုမျိုး နှစ်သစ် မှာ ကြံစည်ထားသမျှ အိပ်မက် အားလုံး မပျက်မယွင်းနဲ့ အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် သိထားသင့်တဲ့ အချက်များရှိပါတယ်။

အခုဖော်ပြပေးမယ့် အချက်များကို အသုံးပြုပြီးတော့ နှစ်သစ်မှာ ကြံစည်ထားသမျှ အိပ်မက် အားလုံးကို အလုံးစုံ အကောင်အထည် ဖော်နိုင်ပါတယ်။

လက်တွေ့ဆန်ပါစေ

နှစ်သစ် အိပ်မက်

စိတ်ကူးယဥ် ဆန်လွန်းတဲ့ အိပ်မက်တွေသည် လက်တွေ့ အကောင်းအထည်ဖော်ဖို့ရန်အတွက် ခက်ခဲပါတယ်။ ဒါ့ကြောင့်မို့လို့ ယုတ္တတန်ပြီး လက်တွေ့ဆန်တဲ့ အိပ်မက်တွေကိုသာ ဦးစားပေးဖို့လိုအပ်ပါတယ်။ ဥပမာ ဆိုကြပါစို့၊ သင့်ရဲ့ နှစ်သစ် အိပ်မက်က ကိုရီးယား မင်းသားတစ်ယောက်လို တည်ကြည်ခန့်ညားပြီး စူပါမန်း မင်းသားလို တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်မျိုး ရရှိပိုင်ဆိုင်စေရမယ်လို့ ရည်မှန်းချက်ထားမယ့်အစား အဆီပို ကင်းဝေးပြီး ကြွက်သားများ တောင့်တင်းတဲ့ ခန္ဓာကိုယ် ရရှိပိုင်ဆိုင်စေရမယ် ဆိုတဲ့ ယုတ္တိတန်တဲ့ ရည်မှန်းချက်မျိုး ထားမယ်ဆိုရင် ပိုပြီးတော့ ဖြစ်နိုင်ချေရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်သည် ကိုရီးယား မင်းသားတစ်ယောက်မဟုတ်သလို သင့်ရဲ့ ခန္ဓာကိုယ် အချိုးအစားဖွဲ့စည်းပုံကလည်း စူပါမန်းလို ဖြစ်မနေတဲ့အတွက်ကြောင့် ကိုယ့်ခန္ဓာကိုယ် ဖွဲ့စည်းပုံအချိုးအစားနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်ကိုပဲ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ကြိုတင် ပြင်ဆင်ကာ အစီအစဥ် ချထားပါ

နှစ်သစ် အိပ်မက်

အနီးကပ်မှ ကောက်ကာငင်ကာ ထလုပ်တာထက်စာရင် ကြိုတင် ပြင်ဆင်ကာ စီစဥ်ထားခြင်းက ပိုပြီး နည်းစနစ်ကျကာ နှစ်သစ် အိပ်မက်များကို အလုံးစုံ အကောင်အထည်ဖော်နိုင်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ အကျင့်က အနားနီးမှ ကောက်ကာငင်ကာနဲ့ ထလုပ်တတ်တယ်ဆိုရင် ထိုအကျင့်ဆိုးကို မြန်မြန်ဆန်ဆန် ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ စနစ်တကျ အစီအစဥ် ရွေးဆွဲထားမယ်ဆိုရင်တော့ ဘာပြီးရင် ဘာလာမယ်ဆိုတာကို သိမြင်နေမှာဖြစ်ပြီး ကိုယ့်ရဲ့ အစီအစဥ်အတိုင်း အကုန်လုံး ပြည့်စုံနေမှာပဲဖြစ်ပါတယ်။ တကယ်လို့ ပထမ အစီအစဥ်က မအောင်မြင်ခဲ့ဘူးဆိုရင်တောင်မှ ဒုတိယ အစီအစဥ်ကို ထပ်မံရေးဆွဲကာ ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ လမ်းတစ်ဝက်မှာ အရှုံးမပေးမိဖို့ပါပဲ။

မိမိရဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပါ

နှစ်သစ် အိပ်မက်

နှစ်သစ်မှာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုပဲ အရေးပေးပါ။ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပါ။ မနေ့က သင်ထက် ဒီနေ့ လက်ရှိသင်က ပိုတော်နေအောင် ပိုမိုအောင်မြင်နေအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အခြားသူများထံ အာရုံစိုက်နေမယ့်အစား ကိုယ့်ကိုယ်ကိုပဲ အလေးပေးပြီး ကိုယ့်ရဲ့ အောင်မြင်မှုကိုပဲ ဂရုစိုက်ရမှာဖြစ်ပါတယ်။ အခြားသူရဲ့ အောင်မြင်မှုကို ထိုင်ပြီး မနာလိုမယ့်အစား “ငါသည်သာ ငါ့ရဲ့ ပြိုင်ဘက် ဖြစ်တယ်” ဆိုတာကို နှလုံးသွင်းထားမယ်ဆိုရင် သင့်ရဲ့ အခြေအနေတွေသည် တစ်ရက်ထက် တစ်ရက် ပိုမိုတိုးတက်လာမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ တိုးတက်မှုဖြစ်စဥ်ကို စနစ်တကျ သုံးသပ်ပြီး ဘယ်နေရာတွေမှာ လိုအပ်မှု ရှိနေသလဲ၊ အားနည်းချက် ရှိနေသလဲ စတာတွေကို လေ့လာပါ။ အားနည်းချက်များကို ဖြည့်စွက်ပြီး အားသာချက်များဖြစ်အောင် ကြိုးစားရပါမယ်။

ကိုယ့်ကိုယ့်ကိုယ် အပြစ်မဖို့ပါနဲ့

နှစ်သစ် အိပ်မက်

တစ်စုံတစ်ရာ ရှုံးနိမ့်သွားလို့ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး ဖြစ်မနေပါနဲ့။ ဘဝကြီးက ကွီးတို့ အရှုံးမပေးသရွေ့ မရှုံးပါဘူး။ လဲကျနေရာကနေ ပြန်မထနိုင်မှသာ အမှန်တကယ် ရှုံးနိမ့်သွားတာဖြစ်ပါတယ်။ ထိုအရှုံးထဲကနေ သင်ခန်းစားယူတတ်မယ်ဆိုရင် ကိုယ့်ရဲ့ ဘဝတက်လမ်းအတွက် အမှန်တကယ် အကျိုးပြုမှာဖြစ်ပြီး အောင်မြင်မှု အသီးအပွင့်များကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ အတိတ်ကနေ ရုန်းမထွက်နိုင်ဘဲ ကိုယ့်ကိုယ်ကို အပြစ်ဖွဲ့နေမယ်ဆိုရင် အနာဂတ်မှာ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာကျော် သိပ္ပံပညာရှင်များတောင် ပထမဆုံးအကြိမ် ကြိုးစားမှုမှ မအောင်မြင်ခဲ့ကြပါဘူး။ ရှုံးနိမ့်တိုင်းသာ လက်မြှောက် အရှုံးပေးလိုက်မယ်ဆိုရင်တော့ ကမ္ဘာကြီးက ယနေ့ခေတ်လို နည်းပညာ ဖွဲ့ဖြိုးတိုးတက်နေတဲ့အချိန်ကိုတောင် ရောက်ရှိလာမှာမဟုတ်ပါဘူး။

မိမိကိုယ်ကိုယ် ဆုချဖို့လည်း မမေ့ပါနှင့်

reward yourself

ဘယ်အလုပ်မဆို လုပ်ကိုင်တဲ့အခါ စိတ်ဓာတ် တက်ကြွဖို့က အဓိက အကျဆုံးပဲမဟုတ်လား။ ကွီးတို့အနေနဲ့လည်း နှစ်သစ်မှာ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် စိတ်ဓာတ် တက်ကြွနေဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်အစုံ နိုးကြားတက်ကြွနေမှသာလျှင် အလုပ်လုပ်ကိုင်ရတာ ပျော်ရွှင်ကြည်နူးရမှာဖြစ်ပါတယ်။ ဘဝကြီးကလည်း ပိုမိုအဓိပ္ပါယ် ပြည့်ဝလာမှာဖြစ်ပါတယ်။ အချိန်တိုင်း စိတ်ဓာတ် တက်ကြွနေဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆုချဖို့လည်း လိုအပ်ပါတယ်။ ရည်မှန်းချက်တစ်ခု ပြည့်မြောက်သွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဆုချပါ။ ဒီနည်းလမ်းကတော့ ကွီးတို့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ရန်အတွက် ကူညီပေးနိုင်ပါတယ်။

ကြိုးစားမှုကို မရပ်တန့်လိုက်ပါနှင့်

man working hard

ဘဝမှာ အရေးကြီးဆုံး အရာကတော့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ကောင်းဖို့ပဲဖြစ်ပါတယ်။ ဇွဲကောင်းတဲ့သူမှသာလျှင် အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်သည် ဘယ်နေရာမှာပဲ ရောက်နေနေ ကြိုးစားမှု အရှိန်အဟုန်ကို ရပ်တန့်လိုက်လို့မရပါဘူး။ ကြိုးစားမြဲ ကြိုးစားဆဲ ဖြစ်နေရပါမယ်။ ဒီအချက်ကတော့ နှစ်သစ်အတွက် အရေးအကြီးဆုံး အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Source: Gaiam

Featured Image: Freepik