နှုတ်ခမ်း မဲညစ် တာ ဒါမှမဟုတ် အညိုရောင်သမ်းတဲ့ ပြဿနာဟာ ကျား/မ မရွေး လူတိုင်းနီးပါး ကြုံရနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ နှုတ်ခမ်းအရောင်ဟာ ပုံမှန်အားဖြင့်တော့ ပန်းနုရောင်ခပ်သမ်းသမ်း ရှိပါတယ်။ နှုတ်ခမ်းသားတွေ ညိုမဲလာတာ ၊ မဲညစ်လာတာဟာ အဓိကအားဖြင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကြောင့်လို့ ပြောနိုင်ပါတယ်။ နှုတ်ခမ်းအရောင် ပြောင်းတာက ကြီးကြီးမားမားပြဿနာ မဟုတ်ပေမယ့်လည်း ညိုညစ်ညစ်,နှုတ်ခမ်းရောင်က ကွီးတို့ကို ဆွဲဆောင်မှု လျော့ကျစေတာတော့ အမှန်ပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နှုတ်ခမ်းလေး မဲညစ်နေလို့ စိတ်ညစ်နေပါတယ်ဆိုတဲ့ ကွီးတို့အတွက် သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပေးပါမယ်။

(၁) ဆေးလိပ်ဖြတ်ပါ

Photo : Wyoming Department of Health

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က နှုတ်ခမ်း အရောင်ကိုပြောင်းစေပြီး နှုတ်ခမ်းလေး မဲညစ်စေနိုင်ပါတယ်။ ထို့နည်းတူ အသားအရေကိုလည်း ကြမ်းတမ်းပျက်စီးစေပြီး ကင်ဆာအပါအဝင် တခြားသော နာတာရှည်ရောဂါတော်တော်များများကိုလည်း ဖြစ်စေဖို့ တွန်းအားပေးပါတယ်။

(၂) ကော်ဖီ/လက်ဖက်ရည် လျော့သောက်ပါ

Photo : CariFree

ကော်ဖီနဲ့ လက်ဖက်ရည်ကို အလွန်အကျွံသောက်တက်တဲ့ အကျင့်ရှိတယ်ဆိုရင် ဒီနေ့ကစပြီး ရပ်တန့်လိုက်ပါ။ ဘာလို့ဆို ကော်ဖီနဲ့ လက်ဖက်ရည်လို သောက်စရာတွေက ကွီးတို့ရဲ့ သွားတွေကို ဝါညစ်စေပြီး နှုတ်ခမ်း ကိုလည်း ညိုမည်းလာစေနိုင်ပါတယ်။

(၃) နေရောင်ထိတွေ့မှု လျော့ချပါ

Photo : Quest

နှုတ်ခမ်းကို နေရောင်တိုက်ရိုက် ထိတွေ့တာကလည်း နှုတ်ခမ်း မဲညစ် လာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ နေရောင်ထိတွေ့မှုများလာတာနဲ့ နှုတ်ခမ်းမှာ Melanin ရောင်ခြယ်ပစ္စည်း ပမာဏတိုးလာပြီး နှုတ်ခမ်းသားတွေကို ညိုမဲ,ညစ်နွမ်းလာစေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ အသားအရေကို နေရောင်ကာခရမ်င်လိမ်းသလိုပဲ SPF/UV ကာကွယ်တဲ့ Lip Products တွေသုံးသင့်ပါတယ်။

(၄) သဘာဝ Lip Scrub အသုံးပြုပါ

Photo : Santé Magazine

ကွီးတို့ရဲ့ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေနဲ့ ခြောက်သွေ့တဲ့ အရေပြားလွှာတွေကို ဖယ်ရှားနိုင်ဖို့ တပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် Lip Scrub ပြုလုပ်ပေးသင့်ပါတယ်။ သဘာဝ Lip Scrub ပြုလုပ်နည်းကတော့ သံလွင်ဆီ ၅-၆ စက်နဲ့ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်မွှေပြီး နှုတ်ခမ်းသားကို မိနစ်အနည်းငယ်ခန့် ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ Scrub တိုက်ပြီး ရေဆေးချပြီးတာနဲ့ နှုတ်ခမ်းကို Lip Butter ဒါမှမဟုတ် Lip Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။

(၅) ရေဓာတ်ဖြည့်ပါ

man drink water

Photo : New Scientist

သဘာဝအတိုင်း နှုတ်ခမ်းသားရဲ့အရောင်ကို တောက်ပစေချင်တယ်ဆိုရင် ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းဖို့ လိုပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာ နှုတ်ခမ်းသားတွေခြောက်တာ ၊ နှုတ်ခမ်း အရောင်ညိုညစ်တာတွေ ပိုပြီး အဖြစ်များပါတယ်။ ဒါကြောင့် တနေ့တာအတွင်းမှာ သင့်တော်တဲ့ ပမဏအတိုင်း ရေများများသောက်ပေးပါ။ ရေဓာတ်ရစေမယ့် အသီးအနှံတွေစားပါ။ နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းခရမ်င်လိမ်းပေးဖို့လည်း လိုပါတယ်။

(၆) နှုတ်ခမ်းကိုက်တဲ့ အလေ့အထကို ရှောင်ပါ

Lip

Photo : Pinterest

တစ်ခါတစ်လေမှာ စိတ်လှုပ်ရှားလို့ပဲဖြစ်ဖြစ် ၊ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေချိန်မှာပဲဖြစ်ဖြစ် နှုတ်ခမ်းကိုက်တဲ့ အလေ့အထမျိုး လုပ်မိတက်ကြပါတယ်။ အရေပြားဆိုင်ရာ ဆရာဝန်တွေကတော့ နှုတ်ခမ်းကိုက်တဲ့အလေ့အထဟာ နှုတ်ခမ်းသားတွေကို ခြောက်သွေ့ပြီး ညိုမဲစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှုတ်ခမ်းကိုက်တဲ့ အလေ့အထကို သတိမမူပဲ လုပ်နေမိတယ်ဆိုရင် ရှောင်ကြဉ်ဖို့ အကြံပေးချင်ပါတယ်။

နှုတ်ခမ်းအရောင် မဲညစ် တာဟာ မျိုးရိုးဗီဇ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မွေးရာပါ နှုတ်ခမ်း အညိုရောင် လွှမ်းသူတွေအနေနဲ့ ဘာမှပြုပြင် ပြောင်းလဲဖို့ မလိုပါဘူး။ သဘာဝအလှတရားကသာပိုပြီး ဆွဲဆောင်မှုရှိတာမဟုတ်လား?

Featured Photo : Metro-society.com