ဆောက်သမ်တန်နဲ့ မန်ယူ တို့ရဲ့ ပွဲထွက်လူစာရင်းတွေ ထွက်လာချိန်မှာ မန်ယူဘက်က အိုနာနာ ရပ်ရှ်ဖို့ဒ်တို့ မပြောင်းမလဲပဲ ပါနေသေးလို့ မန်ယူလူစာရင်းကို ကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်ကြရမယ့်သူတွေ အများကြီး ရှိမှာပါ။ ဒါပေမယ့် ဘုန်းတစ်ဂိုးရှင် အိုနာနာက ပင်နယ်တီကို save သွားပြီးတော့ ဂိုးလည်းမသွင်း ဂိုးလည်းမဖန်တီးနိုင်တဲ့ ရပ်ရှ်ဖို့ဒ်ကပါ ဂိုးစရသွားရင်း မန်ယူက သူတော်စင်တွေကို အဝေးကွင်းမှာ အပြီးအစီး ဇီးသရီးနဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။

onana saved

Photo Credit: The Sun

(၃)ဂိုး ဂိုးမရှိဆိုလို့ မန်ယူက ဆောက်သမ်တန်ကို တစ်ပွဲလုံး ခြေအသာနဲ့ ကစားနိုင်ခဲ့တာတော့ မဟုတ်ဘူးဗျ။ ပွဲအစလောက်မှာ ဆောက်သမ်တန်ကတောင် မန်ယူ ကို ပိုဒုက္ခပေးသေးတာ။ တောင်ပံမှာ ပွဲထွက်လာတဲ့ အကယ်ဒမီထွက် ချာတိတ်လေးဆိုလည်း တော်တော် ခြေပေါ်အောင် ကစားနိုင်ခဲ့တယ်။ ဒီကစားသမားကြောင့်ပဲ ဆောက်သမ်တန်က ပင်နယ်တီ ရခဲ့တာ။ ဒါကို အာချာ ကန်သွင်းခဲ့ရာ အိုနာနာက ကာကွယ်ခဲ့တယ်။ ကာကွယ်ရင်း ပြန်ထွက်လာတာကိုလည်း အာချာက ခေါင်းတိုက်တယ်။ အိုနာနာက အသာအယာလေး ဖမ်းလိုက်တယ်။

onana saved de ligt scored

Photo Credi: 433

အဲ့ဒီကနေပဲ ပွဲက အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။ အိုနာနာရဲ့ ကာကွယ်မှုအပြီး (၂)မိနစ်အတွင်းမှာပဲ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်ထဲ အမှားတွေ အရမ်းများခဲ့လို့ ဝေဖန်ခံနေရတဲ့ ဒီလစ်က ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ခေါင်းတိုက်ကာ အဖွင့်ဂိုး သွင်းယူခဲ့တယ်။ ဒါကတော့ ဒီလစ်ရဲ့ မန်ယူကစားသမားဘဝ ပထမဆုံးဂိုးပေါ့။ ပြီးတော့ ပျောက်ကြီး ရပ်ရှ်ဖို့ဒ်က ဒုတိယဂိုးကို ထပ်သွင်းပြီး ပထမပိုင်းပြီးသွားတယ်။ ပထမပိုင်းမှာကတည်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်နေတာဖြစ်လို့ မန်ယူ အတွက် စိတ်အေးရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရပေမယ့် မာတီနက် ဒီလစ်နဲ့ မာဇာရာဝီတို့ကို လူစားလဲလိုက်ရတာတွေ ဒီကစားသမားတွေရဲ့ ဒဏ်ရာ အခြေအနေတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်တာကတော့ အနည်းလေး စိုးရိမ်စရာ ရှိပါတယ်။

garnacho

Photo Credit: Manchester United’s X

ဒုတိယပိုင်းမှာတော့ ကစားသမားသစ် အူဂါတေးက အဲရစ်ဆင်နေရာ ဝင်ကစားတယ်။ နောက်ပြီး ဒုတိယပိုင်းမှ ကစားခွင့်ရတဲ့ ဂါနာချိုက မန်ယူအတွက် တတိယဂိုးကို နာကျင်အချိန်ပိုမှာ သွင်းပေးခဲ့တယ်။ ဘရိုက်တန် လီဗာပူးလ်တို့ကို ဆက်တိုက် ရှုံးထားတဲ့ မန်ယူက ဒီနိုင်ပွဲကြောင့် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်အတွက် ဖိအားတွေ အနည်းငယ်လေး လျော့သွားနိုင်သလို ဒီနိုင်ပွဲဟာလည်း မန်ယူ အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အဝေးကွင်းနိုင်ပွဲပါ ဖြစ်ခဲ့ရပါတယ်။

Featured Photo: Man Utd HQ Youtube Channel