ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးဟာ တနေ့တခြား ပိုမိုဖျားနာလာနေပါပြီ။ အရင်ကထက်စာရင် ရာသီဥတုတွေ ပိုဖောက်ပြန်လာတာ ၊ သဘာဝဘေးအန္တရာယ်တွေ ပိုအဖြစ်များလာတာတွေဟာ ကမ္ဘာကြီးရဲ့ မကျန်းမာမှုကို ဖော်ပြနေတဲ့ သက်သေတွေပါပဲ။ ဒါတွေရဲ့ အဓိက တရားခံကလည်း ကျွန်တော်တို့ လူသားတွေပဲ မဟုတ်လား။ မကြာသေးမီနှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုမှာ စွမ်းအင်သုံးစွဲမှုကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏဟာ ခန့်မှန်းခြေအားဖြင့် ၅.၁ ဘီလီယံ မက်ထရစ်တန်အထိ ရှိတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အစားအစာနဲ့ ရေ စွန့်ပစ်ပစ္စည်းတွေလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာပါတယ်။ လူသားတွေ တီထွင်ဖန်တီးလိုက်တဲ့ နည်းပညာမြင့်ပစ္စည်းတွေနဲ့ လျှပ်စစ်အလွန်အကျွံ သုံးစွဲမှုတွေဟာလည်း ကမ္ဘာကြီးရဲ့ ကျန်းမာရေးအပေါ် အများကြီး ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ကမ္ဘာကြီးပြန်လည် ကျန်းမာလာဖို့ ကျွန်တော်တို့ လူသားတစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်။ အစားအစာနဲ့ ရေ စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ်ကန့်သတ်တာ ၊ ပလတ်စတစ်အသုံးပြုမှု လျှော့ချတာ ၊ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ဦးစားပေး သုံးစွဲတာ ၊ လျှပ်စစ်မီး အသုံးပြုမှုလျှော့ချတာ စသည်ဖြင့် ကိုယ်တက်နိုင်တဲ့ဘက်ကနေ နိုင်ရာဝန်ကို ဝင်ထမ်းပြီး ကမ္ဘာကြီး ကျန်းမာဖို့ ပါဝင်ကူညီသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ကတော့ ကွီးတို့ရဲ့ ဘဝကို ပိုမို Eco-friendly ဖြစ်လာစေမယ့်အပြင် ငွေကြေးကုန်ကျမှု နည်းသထက်နည်းပြီး ကမ္ဘာကြီး ရဲ့ သက်တမ်းကိုပါ ဆွဲဆန့်နိုင်မယ့်အကျိုးပြု ပစ္စည်း တွေအကြောင်း ဖြစ်ပါတယ်။

(၁) ခြေနင်းအဝတ်လျှော်စက်

ပစ္စည်း

Photo : Yirego

Yirego ကုမ္ပဏီကနေ တီထွင်ထုတ်လုပ်လိုက်တဲ့ Non-Electric Washing Machine တနည်းအားဖြင့် လျှပ်စစ်မီးမလိုတဲ့ ခြေနင်းအဝတ်လျှော်စက် ဖြစ်ပါတယ်။ လျှပ်စစ်မီး အသုံးပြုမှုကို လျှော့ချဖို့အတွက်ဆိုရင် အရမ်းကိုအသုံးတည့်တဲ့ ပစ္စည်း တစ်ခုပါ။ အသံဆူညံတာမျိုးမရှိပဲ ကျစ်ကျစ်လစ်လစ်နဲ့ ဒီဇိုင်းခပ်မိုက်မိုက်လေး ဖြစ်တာကြောင့် ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားပြီး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ကိရိယာ

ပစ္စည်း

Photo : Kickstarter

ကားတွေ ၊ စက်ရုံတွေ အများကြီးတည်ရှိရာ မြို့ကြီးပြကြီးတွေမှာ လေထုညစ်ညမ်းမှု ပြဿနာဟာ အတော်လေး စိုးရိမ်စရာ ဖြစ်လာပါတယ်။ မသန့်စင်တဲ့ လေကို ရှုရှိုက်မိမယ်ဆိုရင် ရောဂါအန္တရာယ်တွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက်ဆို Paul Shen က ထုတ်တဲ့ Anti-Pollution Wearable Air Filter လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ကိရိယာလေးသာ ဆောင်ထားလိုက်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ခြင်းဟာ ကွီးတို့ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပြီး ဆရာဝန်ဆီမကြာခဏ သွားနေစရာလိုမှာမဟုတ်တဲ့အတွက် ငွေကုန်ကျလည်း သက်သာစေမှာပဲ ဖြစ်ပါတယ်။

(၃) ရေသုံးစွဲမှု ၂ ဆ လျှော့ချပေးမယ့် ဘေစင်

ပစ္စည်း

Photo : Odditymall

Sink Twice ကတော့ မလိုလားအပ်တဲ့ ရေသုံးစွဲမှုတွေကို လျှော့ချဖို့ သေချာဒီဇိုင်းဆွဲ ဖန်တီးထားတဲ့ Toilet နဲ့ ဘေစင် ဖြစ်ပါတယ်။ ဘေစင်ကနေ သုံးလိုက်တဲ့ ရေတွေဟာ Toilet ကို တဆင့်ပြန်လည်ရောက်ရှိမှာ ဖြစ်တဲ့အတွက် အဖိုးတန် ရေအရင်းအမြစ်တွေကို ထိန်းသိမ်းရာမှာ တော်တော်လေးကို အကျိုးရှိစေတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

(၄) လျှပ်စစ်ချွေတာရေး ပလတ်ပေါက်

ပစ္စည်း

Photo : Brightside

လျှပ်စစ်သုံးစွဲမှုကို ချွေတာပြီး ညအချိန်မှာ မီးအလင်းရောင် ကောင်းကောင်းပေးနိုင်မယ့် LED မီးလုံးပါ လျှပ်စစ်ချွေတာရေး ပလတ်ပေါက် ဖြစ်ပါတယ်။ Eco-friendly ဖြစ်တဲ့ Device တစ်ခုဖြစ်သလို Smart ကျတဲ့ အိမ်တွင်းအလှဆင် ပစ္စည်း တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) iBamboo စပီကာ

ပစ္စည်း

Photo : Brightside

ဒီဇိုင်နာ Anatoliy Omelchenko ဖန်တီးလိုက်တဲ့ လျှပ်စစ်မလို ၊ နည်းပညာမလိုတဲ့ ဝါးဆစ်ဘူး စပီကာ ဖြစ်ပါတယ်။ ရိုးရှင်းပြီး အထာကျတဲ့ Handmade ပစ္စည်း တစ်ခုဖြစ်တဲ့အတွက် ကိုယ်တိုင်အသုံးပြုရုံမက လက်ဆောင် ပေးမယ်ဆိုလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေမှာ ဖြစ်ပါတယ်။

(၆) Re-Q အိမ်တွင်း Eco-soap ပြုလုပ်စက်

Photo : Brightside

Re-Q ကတော့ Eco-friendly Soap Maker စက်လေး ဖြစ်ပါတယ်။ သူက အိမ်တွင်း ရေဆိုးတွေနဲ့ အသုံးပြုပြီးသား ဆပ်ပြာအကြွင်းအကျန်တွေကိုပေါင်းစပ်ပြီး ပြန်လည်အသုံးပြုနိုင်အောင် ဖန်တီးပေးပါတယ်။ ဒီစက်လေးမှာက အဆင့် ၃ ဆင့်ရှိပါတယ်။ မီးခိုးရောင်ရှိတဲ့ ရေဆိုးတွေကို ပြန်လည်သန့်စင်ကာ ဆပ်ပြာ အကြွင်းအကျန်တွေနဲ့ ရောစပ်ပြီး ဆပ်ပြာအသစ်ကို ပြန်လည် ဖန်တီးပေးတာပဲ ဖြစ်ပါတယ်။ တော်တော်လေး အထာကျတဲ့စက်လို့ ပြောရမှာ ဖြစ်သလို ရေသုံးစွဲမှုနဲ့ စွန့်ပစ်ပစ္စည်းတွေ နည်းနိုင်သမျှ နည်းအောင် ကူညီပေးမယ့် အသုံးတည့်တဲ့ စက်တစ်ခုဖြစ်ပါတယ်။

Featured Photo : Digital Trends