ကျွန်တော်တို့ ချစ်ရသူတွေနဲ့အတူ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်သွားနိုင်ဖို့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ မိခင်ကမ္ဘာမြေကို ကျန်းကျန်းမာမာနဲ့ နှစ်ပေါင်းများစွာ လှပနေစေဖို့ဆိုရင် Eco Friendly လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖြစ်နေထိုင်ခြင်းဟာ ကျွန်တော်တို့ သက်ရှိလူသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒီနေ့မှာတော့ ချစ်ရတဲ့ မိသားစုဝင် ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အတူ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့အပြုအမူတွေကို အတက်နိုင်ဆုံး ရှောင်ရှားပြီး Eco Friendly ဖြစ်တဲ့ ပါတီပွဲ လေးတစ်ခု ကျင်းပနိုင်ဖို့ အကြံပြုချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ဒစ်ဂျစ်တယ် ဖိတ်စာတွေကို သုံးပါ

Photo : Guestboard Blog

ဒီနေ့ခေတ် ဒစ်ဂျစ်တယ်နည်းပညာဟာ မလိုအပ်ပဲ စာရွက်နဲ့ စက္ကူတွေကို အသုံးပြုခြင်းမှ ရှောင်ရှားနိုင်ဖို့ အဖြေတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ပါတီပွဲ လေးကို ဖိတ်ကြားစာပို့တဲ့အခါ စာရွက်နဲ့ စက္ကူအိတ်တွေကို သုံးဖို့မလိုတော့ပါဘူး။ အွန်လိုင်းကနေ စာတိုပေးပို့တာ (သို့) အီးမေးလ်ပို့တာ စတဲ့ ဒစ်ဂျစ်တယ်ဖိတ်ကြားချက်လေးတွေနဲ့ ပါတီကို တက်ရောက်ဖို့ ဖိတ်ကြားနိုင်နေပြီ ဖြစ်ပါတယ်။

(၂) ပြန်လည်အသုံးပြုနိုင်တဲ့ ပါတီအလှဆင်ပစ္စည်းတွေ သုံးပါ

Photo : Greenvelope.com

Eco Friendly ဖြစ်တဲ့ ပါတီပွဲ ဆိုတဲ့အတိုင်း အတက်နိုင်ဆုံး တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့် ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ပါတီရဲ့ Decoration ကို အလှဆင်တဲ့အခါမှာလည်း နောက်ထပ်နောက်ထပ် ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေသုံးပါ။ ပါတီပွဲအပြီးမှာ စွန့်ပစ်ရမယ့် ပါတီပစ္စည်းတွေကို ဝယ်ယူမယ့်အစား အိမ်တွင်းအလှဆင်ပစ္စည်းတွေကိုပဲ ပြန်လည်အသုံးပြုပြီး ပါတီကို အလှဆင်ဖို့ အကြံပြုချင်ပါတယ်။

(၃) တစ်ခါသုံးခွက်နဲ့ ပန်းကန်တွေကို ရှောင်ပါ

Photo : Indiatimes.com

ပါတီမှာ အစားအသောက်တွေ တည်းခင်းတဲ့အခါ တစ်ခါသုံး ပလက်စတစ် ခွက်တွေ ၊ ပန်းကန်တွေ သုံးတာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒီအစား ပြန်လည်အသုံးပြုနိုင်တဲ့ ပန်းကန်ခွက်ယောက်တွေ ၊ Recycle Symbol ပါတဲ့ အသုံးအဆောင်တွေကို သုံးပေးသင့်ပါတယ်။ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေဟာ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေထက်စာရင် ကမ္ဘာမြေကြီးရဲ့ ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။

(၄) စနစ်တကျအမှိုက်စွန့်ပစ်ဖို့ နေရာတွေ စီစဉ်ပေးထားပါ

Photo : Penticton Western News

ပါတီမှာ စည်းကမ်းမဲ့ အမှိုက်လွှင့်ပစ်ခြင်းကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို သေချာစနစ်တကျ စွန့်ပစ်နိုင်ဖို့ ပါတီပွဲ စီစဉ်ကျင်းပသူတွေအနေနဲ့ အမှိုက်စွန့်ပစ်နိုင်မယ့် နေရာတွေကို သေချာစီစဉ်ပေးထားပါ။ တစ်ချိန်မှာ ပြန်လည်အသုံးပြုနိုင်မယ့် ဝိုင်ပုလင်းအခွံတွေလို စွန့်ပစ်ပစ္စည်းတွေကို သပ်သပ်ခွဲထားပါ။ ဒါဆိုရင် ကွီးတို့ရဲ့ ပါတီပွဲလေးကို Eco Friendly ဖြစ်တဲ့ ပါတီပွဲတစ်ခုအဖြစ် ပုံဖော်ပေးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : MyDomaine