အတိတ်မှာ နစ်မြုပ်ရင်နစ်မြုပ် မဟုတ်ရင် ဖြစ်မလာသေးတဲ့ အနာဂတ်ကို ကြိုတင်တွေးတော ပူပန်တက်တဲ့ အကျင့်စရိုက်တွေ ကျွန်တော်တို့ လူတော်တော်များများမှာ ရှိကြပါတယ်။ အတိတ်ကနေ ရုန်းမထွက်နိုင်တာ ၊ အနာဂတ်ကို ကြိုတွေးပြီး ပူပန်တာတွေဟာ ကျွန်တော်တို့ လက်ရှိ ပစ္စုပ္ပန် ရဲ့ ဘဝအဓိပ္ပါယ်ကို ပျောက်ဆုံးစေပါတယ်။ ဒီတော့ ပစ္စုပ္ပန် မှာ ဘယ်လို ရှင်သန်နေထိုင်ကြမလဲ။ ပစ္စုပ္ပန် မှာ ရှင်သန်နေထိုင်တက်ဖို့ လမ်းညွှန်ချက် တချို့ကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) ပတ်ဝန်းကျင်ကို သတိပြုပါ

Photo : TODAY

ပစ္စုပ္ပန် အခိုက်အတန့်မှာ ရှင်သန်နေထိုင်တက်ဖို့ဆိုရင် ပထမဦးဆုံး လုပ်ရမှာက သင့်လက်ရှိပတ်ဝန်းကျင်ကို သတိပြုမိဖို့ပါပဲ။ သင့်ရဲ့တစ်နေ့တာအချိန်တွေအတွင်းမှာ သင်ဘယ်လိုတွေ ဖြတ်သန်းနေမိလဲ ၊ သင့်အနီးအနာမှာ ရှိတဲ့အရာတွေက ဘာတွေလဲဆိုတာကို အာရုံစိုက်ခြင်းက သင့်ရဲ့ လက်ရှိအချိန်ကို အကောင်းဆုံး သတိထားမိနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့တာမှာ အချိန် ၁၅ မိနစ်လောက် မျက်လုံးမှိတ် သက်တောင့်သက်ကာထိုင်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုကာ သင့်ပတ်ဝန်းကျင်က အရာအားလုံးကို အာရုံစိုက်ပြီး မြင်နိုင်အောင်ကြည့်ကြည့်ပါ။ လက်ရှိသင်ရောက်နေတဲ့နေရာ ၊ အခိုက်အတန့်မှာ ရှင်သန်နေထိုင်ရတာ ပိုလွယ်လာပါလိမ့်မယ်။

(၂) တစ်ကြိမ်မှာ တစ်ခုကိုပဲ အာရုံစိုက်ပါ

Photo : Unsplash

တစ်ချိန်တည်းမှာ အလုပ် ၂/၃ ခု တစ်ပြိုင်နက် လုပ်ဆောင်တာက အလုပ်အများကြီး ပြီးမြောက်စေနိုင်တယ်လို့ ထင်ရပေမယ့် သင့်ကို ပစ္စုပ္ပန်ကာလကနေ ချော်ထွက်သွားစေနိုင်တယ်ဆိုတာကိုလည်း သတိပြုမိသင့်ပါတယ်။ အကြောင်းကတော့ အာရုံစူးစိုက်မှု ကောင်းကောင်းမရနိုင်တော့တဲ့ အတွက်ပါ။ ရိုးရိုးလေး တွေးကြည့်ရအောင်ပါ။ တစ်ခုခုကို လုပ်ဆောင်နေစဉ်အတွင်းမှာ နောက်ထပ်အကြောင်းအရာတစ်ခုက ခေါင်းထဲရောက်နေရင် လက်ရှိလုပ်နေတဲ့ အရာအပေါ် အပြည့်အဝ အာရုံစိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ သင့်ရဲ့ အတိတ်နဲ့ အနာဂတ်က ဖြစ်ရပ်တွေ ခေါင်းထဲရောက်နေရင် လက်ရှိ ပစ္စုပ္ပန် ကာလကို သေချာအာရုံမစိုက်နိုင်ပဲ နေပါလိမ့်မယ်။ ဒါကြောင့် ပစ္စုပ္ပန်ကာလမှာ နေထိုင်တက်ဖို့ သင့်ကိုသင့် လေ့ကျင့်ပေးတဲ့အနေနဲ့ ဘာပဲလုပ်လုပ် Multitasking ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပြီး တစ်ကြိမ်မှာ တစ်ခုကိုပဲ အပြည့်အဝ အာရုံစိုက်လုပ်ဖို့ အကြံပြုချင်ပါတယ်။

(၃) သင့်မှာ ရှိတဲ့အရာတွေအတွက် ကျေးဇူးတင်ပါ

Photo : Your Dictionary

ပစ္စုပ္ပန် အခိုက်အတန့်မှာ နေထိုင်ရှင်သန်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းက သင့်မှာရှိတဲ့အရာတွေအတွက် ကျေးဇူးတင်ဖို့ အချိန်ယူခြင်းပါပဲ။ ကျွန်တော်တို့အများစုက ကိုယ့်မှာမရှိတဲ့အရာတွေကို အမြဲအာရုံစိုက်တက်ကြသလို ၊ ဆုံးရှုံးလိုက်ရတဲ့ အရာတွေအတွက်လည်း ပူဆွေးသောက ရောက်တက်ကြပါတယ်။ တကယ်တော့ လက်ရှိသင့်မှာ ပိုင်ဆိုင်ထားတဲ့အရာတွေကိုပဲ တန်ဖိုးထားသင့်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်ပိုင်ဘဝထဲက ကျေးဇူးတင်သင့်တဲ့ အရာ ၃ ကိုလောက်ကို စာအုပ်မှာ ချရေးကြည့်ပါ။ သင့်ရဲ့လက်ရှိဘဝကို ကျေနပ်ပျော်ရွှင်နိုင်မယ်ဆိုရင် ပစ္စုပ္ပန်မှာ ရှင်သန်နေထိုင်တက်ဖို့ ခွန်အားတွေရစေမှာ ဖြစ်ပါတယ်။

(၄) ဖြစ်တည်မှုတိုင်းကို လက်ခံဖို့ ကြိုးစားပါ

Photo : Pexels

ပစ္စုပ္ပန်အခိုက်အတန့်မှာ ရှင်သန်နေထိုင်ချင်တယ်ဆိုရင်တော့ အရာရာတိုင်းက သူ့ဖြစ်တည်မှုနဲ့သူ ရှိတယ်ဆိုတာကို လက်ခံဖို့လိုပါတယ်။ ကိစ္စတိုင်းဟာ သင်ဖြစ်စေချင်သလို အမြဲတမ်း မဖြစ်နိုင်တာ အမှန်တရားပါ။ သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို သင်မထိန်း ချုပ်နိုင်သလို တစ်ခါတရံမှာ ဘဝကလည်း သင်ဖြစ်ချင်တဲ့ပုံစံနဲ့ မတူနိုင်ပါဘူး။ လက်ခံမှုကို လေ့ကျင့်ပေးခြင်းက သင့်ဘဝရဲ့ ထိန်းချုပ်မှုအောက်က အရာတွေကို စွန့်လွှတ်ဖို့ ကူညီပေးပါလိမ့်မယ်။

(၅) တရားထိုင်ပါ

Photo : Medium

တရားထိုင်ခြင်းဟာ ရုပ်ရောနာမ်ကိုပါ အတွင်းကျကျ သိမြင်နိုင်မယ့် အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ ပစ္စုပ္ပန်မှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲနေတယ်ဆိုတာဟာ သင့်စိတ်နဲ့ ခန္ဓာဟာ အေးချမ်းတည်ငြိမ်တဲ့ အနေအထားတစ်ခုမှာ မရှိပဲ အတွေးတွေ ၊ ခံစားချက်တွေနဲ့ ပျံ့လွင့်နေလို့ ဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်း အလေ့အကျင့်ကို စတင်ပြုလုပ်မယ်ဆိုရင် သင့် အတွေးတွေနဲ့ ခံစားချက်တွေကို ပိုမိုသိရှိနားလည်လာစေဖို့ ကူညီပေးနိုင်ပြီး လက်ရှိအချိန် ၊ လက်ရှိ ပစ္စုပ္ပန်အခိုက်အတန့်မှာ ရှင်သန်နေထိုင်တက်စေဖို့ အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။

Featured Photo : The Stag’s Balls