ကွီးတို့ရေ အရင်တစ်ပတ်က လုပ်ခဲ့တဲ့အမှားအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေသေးလား။ ဒါမှမဟုတ် နောက်တစ်ပတ်မှာ လုပ်ရမဲ့အလုပ်တွေအတွက် ခေါင်းထဲမှာ အတွေးတွေဟာ တစ်ဝဲလည်လည်ဖြစ်နေပါသလား။ ဖြစ်မလာသေးတဲ့ကိစ္စ၊ မကြုံတွေ့ရသေးတဲ့ကိစ္စအတွက် အလိုလိုအတွေးများပြီး စိုးရိမ်ပူပန်နေပါသလား။ ဒီလိုအတွေးတွေဟာ ကိုယ်ရဲ့ စိတ်ထဲ ၊ ခေါင်းထဲမှာ အဆက်မပြတ်ဖြစ်နေပြီဆိုရင်တော့ ကွီးတို့ အတွေးလွန်နေပါပြီ။ တစ်ခါတစ်ရံ အခြေအနေတစ်ခုအတွက် အတွေးများတာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသေးအဖွဲ ကိစ္စကအစ စိုးရိမ်ပူပန်နေပြီး၊ စိတ်မတည်မငြိမ် ဖြစ်နေပြီဆိုရင်တော့ ဒါကို အချိန်မှီသတိပြုဖို့လိုနေပါပြီ။ တကယ်တော့ အလွန်အကျွံတွေးတောခြင်းက စိတ်အနှောင့်အယှက်တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ အတွေးလွန်ခြင်း ကြောင့် ကွီးတို့ ရရှိလာနိုင်တဲ့ ဆိုးကျိုးတွေ ကို သတိပြုနိုင်ဖို့ ဝေမျှပေးချင်ပါတယ်။

(၁) စိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်

အတွေးလွန်ခြင်း ဆိုးကျိုးတွေ

Photo : The Right Step Houston

အတွေးလွန်ခြင်း ဆိုတာ ကကွီးတို့ရဲ့စိတ်ကနေ အစပြုတာကြောင့် ရရှိလာနိုင်တဲ့  ဆိုးကျိုးတွေ ထဲက  ပထမဆုံးတစ်ခုကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေတာပဲဖြစ်ပါတယ်။ ကွီးတို့ဟာ အတိတ်ကအမှားတွေ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ခဲ့တာတွေ၊ မကျေနပ်တာတွေကြောင့် စိတ်ထဲမှာအမြဲခံစားနေရပါသလား။ ဒါတွေဟာ စဉ်ဆက်မပြတ် အတွေးထဲကိုရောက်လာနေရင် စိတ်ကျခြင်း ကဲ့သို့သော ရောဂါများဖြစ်ဖို့ အခွင့်အလမ်းများ ပိုမိုများပြားလာပါလိမ့်မယ်။ ထို့အပြင် အတိတ်ကအမှားတွေကြောင့် အနာဂတ်မှာ ဖြစ်မလာသေးတဲ့အရာတစ်ခုကို ကြိုတင်တွေးပြီး ပူပန်နေခြင်းကလည်း ကွီးတို့ရဲ့ စိတ်အေးချမ်းမှုကို ထိခိုက်နိုင်ပါတယ်။ လူတစ်ယောက်မှာ စိတ်ဟာအရာရာပါ။ စိတ်ကျန်းမာရေးကို ထိခိုက်လာတာဟာ ကွီးတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဆိုးကျိုးများသက်ရောက်စေပါတယ်။

(၂) ပြဿနာဖြေရှင်းနိုင်စွမ်းကို ထိခိုက်လာနိုင်စေပါတယ်

အတွေးလွန်ခြင်း ဆိုးကျိုးတွေ

Photo : Manday 8 AM

ဘယ်ကိစ္စမဆို သေချာစဉ်းစားတွေးတောပြီးမှ ဆုံးဖြတ်ရတာ၊ လုပ်ဆောင်ရတာဟာမှန်ပါတယ်။ ဒါပေမဲ့ ရိုးရှင်းသော ကိစ္စတစ်ခုကို မလိုအပ်ပဲ လွန်လွန်ကျူးကျူးတွေးနေမိပြီး မဖြစ်လာနိုင်သေးတဲ့အရာတွေကို ထည့်သွင်းပူပန်နေမိပြီဆိုရင်တော့ ပြဿနာကိုဖြေရှင်းဖို့အတွက် အနှောင့်အယှက်ဖြစ်လာပါပြီ။ ကိုယ့်စိတ်ထဲက မလိုအပ်တဲ့ပူပန်မှုကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာကိုမှန်မှန်ကန်ကန်ဖြေရှင်းနိုင်တော့မှာမဟုတ်ပါဘူး။ ထို့အပြင် တစ်နေ့တာ ဝတ်စားဆင်ယင်မှု သို့မဟုတ် အားလပ်ရက်မှာဘာလုပ်မယ်ဆိုတဲ့ ရိုးရှင်းတဲ့ ကိစ္စရပ်များကိုတောင် အတွေးလွန်နေပြီး သေချာမရွေးချယ်နိုင်တော့တဲ့အထိ ဖြစ်လာစေပါတယ်။

(၃) အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်

overthinking

Photo : Peter Economy

မလိုအပ်ဘဲ အလွန်အကျွံ အတွေးလွန်ခြင်း ရဲ့ ဆိုးကျိုးတွေထဲက နောက်တစ်ခုကတော့ ကွီးတို့ရဲ့အိပ်စက်ခြင်းကို ထိခိုက်စေတာပဲဖြစ်ပါတယ်။ ကွီးတို့ရေ တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ပြီး ညဘက် အိပ်စက်အနားယူချိန်မှာတော့ ကောင်းစွာ အိပ်စက်အနားယူနိုင်ဖို့ အရေးကြီးပါတယ်။ ညဘက်မှာ ပြီးခဲ့တဲ့ကိစ္စများကိုလည်းကောင်း သို့မဟုတ် တချို့ကိစ္စတွေကို ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေတာကြောင့် ကောင်းစွာအိပ်ပျော်ခြင်းမရှိရင် နေ့ဘက်မှာလုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာကို သေချာလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ညဘက်မှာ အိပ်မပျော်မှုတွေများလာတာနှင့်အမျှ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာလည်း ကြုံတွေ့နိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ မလိုအပ်ပဲ ကိစ္စတစ်ခုခုအပေါ်မှာသော်လည်းကောင်း အတွေးလွန်ခြင်း နဲ့ စိုးရိမ်တတ်ခြင်းတိုကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ ပဲဖြစ်ပါတယ်။ ကွီးတို့ရေ အတိတ်က အကြောင်းအရာဖြစ်ဖြစ်၊ အနာဂတ်အတွက်ပဲဖြစ်ဖြစ် အတွေးလွန်ခြင်းဟာ အကျိုးမရှိဘဲ စိတ်ဖိစီးမှုကိုသာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်ရှိပစ္စုပ္ပန်ကို သာအာရုံစိုက်ပြီး အလေးထားနေထိုင်ပါ။ အလွန်အကျွံ အတွေးလွန်ခြင်းကို လျော့ပါးစေရန် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ ကွီးတို့ နှစ်သက်ရာအားကစားတစ်ခုခုကို အချိန်ပေးလုပ်ခြင်း စသည်တို့ ပြုလုပ်လို့ ရပါတယ်။

Source : PharmEasy

Featured Photo : Betterhumans