Opta ရဲ့ စူပါကွန်ပြူတာ ကတော့ ဒီရာသီမှာ မန် စီးတီး အသင်းအနေနဲ့ ၄ ကြိမ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ အံ့အားသင့်ဖွယ် ခန့်မှန်းပေးလိုက်ပါတယ်။

Premier League title

Photo : Sky Sports

စီးတီး အစား ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဖြစ်လာတာကတော့ နည်းပြ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ချန်ပီယံပြေးလမ်းပေါ်က အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့က ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့စဉ် လီဗာပူးကတော့ အန်ဖီးလ်မှာ ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး အာဆင်နယ်ကို ၂ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်ရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းလာခဲ့ပါတယ်။

ဂန်းနားတို့က ၆၅ မှတ်နဲ့ လီဗာပူးနောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကတော့ နည်းပြအာတီတာရဲ့အသင်းနောက် ၁ မှတ်အကွာနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ လက်ကျန်ပွဲစဉ် ၉ ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ လီဗာပူးအသင်းဟာ ချန်ပီယံ ဖြစ်ဖို့ ၄၇.၇ ရာခိုင်နှုန်း ရှိနေပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ အနိုင်ရရှိပြီးနောက် ၁၂.၄ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာရဲ့ စီးတီး ကတော့ ချန်ပီယံဆုအတွက် ဒုတိယရေပန်းအစားဆုံး ဖြစ်ပေမယ့် အာဆင်နယ်နဲ့ သရေကျပြီးနောက်မှာ ချန်ပီယံ အခွင့်အရေးက ၄၅.၉ ရာခိုင်နှုန်းကနေ ၃၃.၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။ နည်းပြအာတီတာရဲ့ ဂန်းနားတို့ကတော့ စီးတီးကိုကျော်ဖြတ်ပြီး လက်ရှိ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ချန်ပီယံ ရေပန်းစားမှုဟာ ယခင်အတိုင်း ၁၈.၈ ရာခိုင်နှုန်းမှာ မပြောင်းလဲပဲ ရှိနေပါတယ်။

Premier League supercomputer

Photo : SPORTbible

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို လီဗာပူးအသင်း သိမ်းပိုက်နိုင်လိမ့်မယ်လို့ စူပါကွန်ပြူတာတစ်ခုတည်းက ခန့်မှန်ထားတာ မဟုတ်ပဲ လီဗာပူး တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကလည်း ရာသီကုန်မှာ ၎င်းရဲ့အသင်းဟောင်းက ချန်ပီယံဆုဖလားကြီးကို ကိုင်မြှောက်သွားနိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။

Featured Photo : SPORTbible