မနေ့ညကတော့ စပိန် လာလီဂါ အမှတ်ပေးပြိုင်ပွဲရဲ့ ဘောလုံးရာသီသစ် စတင်ခဲ့သလို ဒီညမှာဆိုရင်လည်း ဘောလုံးပရိသတ်တွေ သည်းခြေကြိုက် ပြိုင်ပွဲကြီးဖြစ်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီးပါ စတင်သွားတော့မှာပဲ ဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ရဲ့ ပထမဆုံးသော ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဖူလ်ဟမ်အသင်းတို့က ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ စတင် ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

manchester united v fulham

Photo Credit: Opta Analyst

ဒီနေ့ည (၁)နာရီခွဲအချိန် မန်ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့က ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲအဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပြီး နှစ်သင်းလုံးရဲ့ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေကြောင့်လည်း ဒီပွဲက ပိုပြီး စောင့်ကြည့်ချင်စရာ ကောင်းလာခဲ့ပါတယ်။ ဒီနွေမှာ ယူနိုက်တက်က ဇက်ခ်ဇီး ယိုရို ဒီလစ်နဲ့ မာဇရာဝီတို့ (၄)ဦးကို ဖြည့်တင်းထားနိုင်ခဲ့သလို ဖူလ်ဟမ်ကလည်း စမစ်ရိုး ဆက်ဆီဂနွန်နဲ့ ကွန်ကာတို့ကို ခေါ်ယူထားခဲ့ပါတယ်။ ယူနိုက်တက်က ဒီရက်ပိုင်းမှာမှ ခေါ်ယူနိုင်ခဲ့တဲ့ ဒီလစ်နဲ့ မာဇရာဝီတို့ နှစ်ဦးလုံးဟာလည်း အခုပွဲမှာပဲ ပါဝင်လာဖို့ ရှိနေတာက ပွဲကြည့်ပရိသတ်တွေအတွက် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာနိုင်ပါတယ်။

eriksen iwobi ganarcho

Photo Credit: Action Network

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒီနှစ်သင်း အိုးထရက်ဖို့ဒ်မှာ တွေ့ဆုံခဲ့တုန်းကတော့ ဧည့်သည် ဖူလ်ဟမ်က နာကျင်အချိန်ပိုမှာ အီဝိုဘီရဲ့ သွင်းဂိုးနဲ့ နိုင်ပွဲရခဲ့သေးပေမယ့် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြတဲ့ ပွဲစဉ် တော်တော်များများမှာတော့ အိမ်ရှင် ယူနိုက်တက်ကပဲ ရလဒ်ပိုင်း အသာရခဲ့ပါတယ်။ အခုက ရာသီအဖွင့်ပွဲလည်း ဖြစ်တာကြောင့် ရလဒ်ကောင်း ထွက်ပေါ်လာဖို့အတွက်လည်း နှစ်သင်းလုံး အားစိုက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ယူနိုက်တက်တို့ ပြီးခဲ့တဲ့ရာသီ အိမ်ကွင်းရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာလည်း စောင့်ကြည့်သွားရပါမယ်။

de ligt vs smith rowe

Photo Credit: Manchester United & Youtube

ဒီပွဲမှာ ယူနိုက်တက်ဘက်က ဟွိုင်လန်း ယိုရို မာလာစီယာ လုခ်ရှော လင်ဒီလော့ဖ်တို့ကတော့ ဒဏ်ရာအခြေအနေတွေကြောင့် သေချာပေါက် လွဲချော်သွားဖို့ ရှိနေပေမယ့် ဖူလ်ဟမ်ဘက်မှာတော့ လူစုံတက်စုံ ပါဝင်လာနိုင်ပါတယ်။ အထူးသဖြင့် ဒီနွေမှ အသင်းကို ရောက်လာတဲ့ အာဆင်နယ် ကစားသမားဟောင်း စမစ်ရိုးက ဖူလ်ဟမ်ရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားလည်း ဖြစ်လာပါလိမ့်မယ်။ ယူနိုက်တက်မှာလည်း သူတို့အသင်းရဲ့ အမြဲတမ်း ပစ်မှတ်ဖြစ်ခဲ့တဲ့ ဒီလစ်က စောင့်ကြည့်သွားရမယ့် ကစားသမား ဖြစ်လာမှာပါ။ အိမ်ကွင်းလည်းဖြစ် ရာသီအစပွဲလည်းဖြစ်လို့ အိမ်ရှင် ယူနိုက်တက်ပဲ ရလဒ်ကောင်း ယူသွားမယ်လို့ ထင်မိပါတယ်။

Featued Photo: Opta Analyst