ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ချန်ပီယံဟောင်းနဲ့ အက်ဖ်အေဖလား ချန်ပီယံဟောင်းအပြင် ချန်ပီယံလိဂ်လို ဥရောပပြိုင်ပွဲကြီးမှာပါ ပါဝင်ဆင်နွဲခဲ့ဖူးတဲ့ လက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အဆင့်ရပ်တည်မှု (၁၈)သာ ရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းဆင်းသွားခဲ့ရပါတယ်။

blue fox downfall

Photo Credit: The Independent

ဒီလို ပရီးမီးယားလိဂ် ကနေ တန်းဆင်းခဲ့ရမှုကြောင့် ဂျိမ်းစ် မက်ဒီဆင် ၊ တီလေမန်းစ် ၊ ဟာဗေးဘန်းစ် ၊ ဆိုယွန်ဂျူ ၊ ကစတက်နီတို့လို အသင်းရဲ့ အားထားရတဲ့ ကစားသမားကောင်းတွေကိုပါ စွန့်လွတ်ခဲ့ရပြီး သူတို့နေရာအတွက် ဟယ်ရီ ဝင့်စ်နဲ့ ကော်နာ ကိုဒီတို့လို အတွေ့အကြုံရှိ ကစားသမားတွေကိုသာ ပြန်လည် ဖြည့်တင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းနည်းပြ ခန့်အပ်မှုမှာတော့ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြဖြစ်သူ အန်ဇို မာရယ်စကာကို ရွေးချယ်လိုက်ခြင်းက လက်စတာအတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်သွားခဲ့ရပါတယ်။

leicester city

Photo Credit: Nemzeti Sports

လက်စတာဟာ ချန်ပီယံရှစ်မှာ ပထမရာသီဝက် ယှဉ်ပြိုင်လို့အပြီး ရှုံးပွဲ (၃)ပွဲနဲ့ သရေပွဲ (၁)ပွဲသာ ရှိခဲ့ကာ ကျန်တဲ့ (၁၉)အထိ အနိုင်ရခဲ့ပါတယ်။ လက်စတာက လက်ကျန်ရာသီဝက်ထဲမှာ ရှုံးပွဲအရေအတွက်က ပိုမို များပြားခဲ့ပေမယ့်လည်း ပြိုင်ဘက်အသင်းတွေရဲ့ ခြေချော်မှုတွေကြောင့်ပါ ဇယားထိပ်နားမှာပဲ ဆက်လက် ရပ်တည်နေရင်း အနီးစပ်ဆုံးပြိုင်ဘက် လိဒ်စ် ယူနိုက်တက်က QPR ကို ရှုံးနိမ့်ခဲ့ချိန်မှာတော့ လက်စတာက ပွဲကစားဖို့တောင် မရှိပဲနဲ့ တန်းတက်ခွင့်ကို auto ရရှိသွားခဲ့ပါတယ်။

vardy and leicester

Photo Credit: The Mirror

ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် လက်မှတ်ရရှိပြီးနောက် ပရက်စတန်နဲ့ ကစားရတဲ့ ပွဲမှာလည်း ဝါရင့် ကစားသမားကြီး ဗာဒီရဲ့ ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမှတ်ပေး ချန်ပီယံပါ ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ မြေခွေးပြာတို့ကို ပြန်လည် မြင်တွေ့ရတော့မှာဖြစ်လို့ တစ်ချိန်က ပရီးမီးယားလိဂ် ချန်ပီယံအထိပါ ဖြစ်ခဲ့ပြီးမှ တန်းဆင်းသွားရတဲ့ အခြေအနေ ဆိုးခဲ့ရပေမယ့်လည်း တစ်ရာသီအတွင်းမှာပဲ ပရီးမီးယားလိဂ်ဆီ ရအောင် ပြန်လာခဲ့တဲ့ မြေခွေးပြာ လက်စတာတို့ကို ကျွန်တော်တို့တွေ လက်ခုပ်တီး ကြိုဆိုရမှာ အသေအချာပါပဲ။

Featured Photo: Caught Offside