မန်စီးတီး လူငယ်ကြယ်ပွင့် ဖီးလ်ဖိုဒန် ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမား ဆုကို ၂ ရာသီဆက်တိုက် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Photo : WhatsNew2Day

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ဆက်ထိန်းထားနိုင်ဖို့ အဓိကအရေးပါတဲ့ နေရာကနေ ပါဝင်စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတုန်းကလိုပဲ ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ဒီနေ့ တနင်္ဂနွေနေ့မှာ အက်စတွန် ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် တစ်ပွဲသာ ကစားဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဖိုဒန်ဟာ သူရဲ့ အကောင်မွန်ဆုံး ခြေစွမ်းကောင်းတွေနဲ့အတူ အင်္ဂလန်လက်ရွေးစင်အသင်းကစားဖော်တွေဖြစ်တဲ့ လီဗာပူး ညာနောက်ခံကစားသမား ထရန်းအလက်ဇန္ဒား အာနိုး ၊ ချဲလ်ဆီးအသင်း ကစားသမား မေဆင်မောင့်နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းမှာ အာဆင်နယ်အသင်းက အာရွန် ရန်​ဒေးလ်နဲ့ ဘူကာယို ဆာကာ ၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ကော်နာ ဂယ်လာဂါ နဲ့ တိုင်ရစ် မစ်ချယ် တို့လည်း ပါဝင်ခဲ့ပါတယ်။

Photo : Sky Sports

ပရိသတ်မဲအဆုံးအဖြတ်နဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ဆွတ်ခူးခဲ့ပြီးနောက်မှာ ဖီးလ်ဖိုဒန် က ” ဒီဆုကို ၂ ရာသီဆက်တိုက် ရရှိခဲ့အတွက် အရမ်းဂုဏ်ယူပါတယ် ၊ ဒီရာသီ ပရီးမီးယားလိဂ်မှာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေ အများကြီးရှိတဲ့ အထဲကမှ ဒီဆုကို ထပ်ပြီးဆွတ်ခူးနိုင်ခဲ့တာ တကယ့်ကို ဂုဏ်ယူစရာပါပဲ ၊ ဒီရာသီမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး တကယ်ကို ကျေနပ်အားရခဲ့ရပြီး ကျွန်တော်တို့အားလုံး နောက်ထပ် အောင်မြင်တဲ့ နှစ်တစ်နှစ်ဖြစ်ဖို့ မျှော်လင့်ထားတဲ့ မန်စီးတီးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပျော်ရွှင် မိပါတယ် ”

” ဒီလို ထူးချွန်တဲ့ ကစားသမားကောင်းတွေ အများကြီးနဲ့တွဲပြီး ဆန်ကာတင်စာရင်းမှာ ထည့်သွင်းစဉ်းစားခြင်းခံရတာက ဂုဏ်ယူစရာပါပဲ ၊ သူတို့အားလုံးကလည်း သူတို့ရဲ့အသင်းကိုယ်စီအတွက် ကောင်းမွန်တဲ့ ရာသီတွေကို ပိုင်ဆိုင်ထားကြပါတယ် ၊ ဒီရာသီမှာ ကျွန်တော့်ရဲ့ ခြေစွမ်း ပိုမိုတိုးတက်လာအောင် ပံ့ပိုးပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

Photo : Manchester Evening News

အင်္ဂလန်လက်ရွေးစင် လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာလည်း မန်စီးတီးအသင်းရဲ့ အောင်မြင်မှုတွေအတွက် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမား ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။