လီဗာပူးလ် နည်းပြ ယာဂန် ကလော့ပ် က လီဗာပူးလ် ဟာ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့် အက်စတန် ဗီလာရဲ့ ပွဲစဉ်မတိုင်ခင် စတီဗင် ဂျရတ် ကို သတင်းစကားပေးပို့ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Jurgen Klopp

Photo: Liverpoolecho

ပရီးမီးယားလိဂ်ဆုဖလားအတွက် ပြိုင်ပွဲဟာ တနင်္ဂနွေနေ့မှာ အဖြေထွက်တော့မှာဖြစ်ပြီး ရာသီပိတ်ပွဲစဉ်အဖြစ် ကလော့ပ်ရဲ့အသင်းက ဝုလ်ဗ်စ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်သလို မန်ချက်စတာစီးတီးကလည်း အက်စတန် ဗီလာနဲ့ တွေ့ဆုံသွားရမှာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာကနေ လိုက်လံဖိအားပေးနေတာဖြစ်ပြီး လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ်ရဲ့အသင်းက လက်ရှိချန်ပီယံကို စိတ်ပျက်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ကြိုးကြာနီတို့ ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေး ရှိလာမှာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်က လီဗာပူးလ်အသင်းဟာ စတီဗင် ဂျရတ်ကို ဖုန်းဆက် ဆက်သွယ်ခဲ့ပြီးဖြစ်တာကြောင့် ၎င်းအနေနဲ့ ဖုန်းမခေါ်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Aston Villa Boss Steven Gerrard

Photo: Daily Mail

“စတီဗီကို ကျွန်တော် ဖုန်းမခေါ်ဘဲ ဒါမှမဟုတ် ဖုန်းနံမပါတ်မရှိဘဲနဲ့တောင် အဲဒီပွဲကို ၁၀၀ ရာခိုင်နှုန်း အလေးအနက်ထားကစားသွားမယ်ဆိုတာ သေချာသိပါတယ်။ တစ်သင်းလုံးကလည်း ဖုန်းဆက်ခဲ့ပြီးဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်တော်ကတော့ မဆက်ပါဘူး။ ဒီပွဲက ကျွန်တော်နဲ့ မသက်ဆိုင်တဲ့၊ ကျွန်တော် တွေးနေတာမဟုတ်တဲ့ပွဲစဉ်ပါ။ ကျွန်တော်တို့ အဲဒီအကြောင်းတွေချည်းပဲ ပြောနေတာက ဝုလ်ဗ်စ်ကို မလေးမစားလုပ်ရာ ကျနေပါတယ်”

“သူတို့တွေ ဒီကိုလာပြီး ကျွန်တော်တို့ အောင်ပွဲခံတာရဲ့ တစ်စိတ်တပိုင်းမဖြစ်ချင်ပါဘူး။ သူတို့တွေ အန်းဖီးကိုလာပြီး အနိုင် ၃ မှတ် ရယူချင်မှာ ကျိန်းသေပါတယ်။ ကျွန်တော်တို့ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေရမှာဖြစ်ပြီး တခြားပွဲတစ်ပွဲအတွက် မဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Featured Photo: Metro