ကလော့ပ်အထွက် ဆလော့ဝင်လာချိန် လီဗာပူးလ် အသင်းမှာ အခု သြဂုတ်လ ဒုတိယ ရက်သတ္တပတ်လောက်အထိ ကစားသမားသစ် တစ်ဦးတစ်ယောက်မှ မခေါ်ယူနိုင်သေးတဲ့အပေါ် လီဗာပူးလ်ပရိသတ်တွေက မချိတင်ကဲ ဖြစ်ရပါတယ်။ အဲ့ဒီအချိန်မှာ လီဗာပူးလ်က ဒီနွေအတွက် ပထမဆုံး ခေါ်ယူမယ့် ကစားသမားအဖြစ် ယူရို ချန်ပီယံ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို သတ်မှတ်ခဲ့ပြီး ကြိုးပမ်းမှုတွေလည်း စတင် လုပ်ဆောင်လာခဲ့ပါတယ်။

euro 2024 champions

Photo Credit: The Liverpool Echo

လီဗာပူးလ် က ကွင်းလယ် နံပါတ် (၆)နေရာမှာ ကစားတဲ့ ကွင်းလယ်ကစားသမားမျိုးကို လိုအပ်နေတာဖြစ်ပြီး အဲ့ဒီနေရာအတွက် ဇူဘီမန်ဒီကိုသာ ခေါ်ယူနိုင်လိမ့်မယ်ဆိုရင် perfect signing တစ်ခု ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ပဲ နွေဈေးကွက်ထဲ ဘာလှုပ်ရှားမှုမှ မရှိခဲ့တဲ့ လီဗာပူးလ်က ဇူဘီမန်ဒီကို စတင် ကြိုးပမ်းပါတော့တယ်။ ကနဦး ကြိုးပမ်းမှုမှာပဲ ဇူဘီမန်ဒီက လီဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို မီးစိမ်းပြလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတော့တယ်။

zubimendi rejected lfc

Photo Credit: Sky Sports

အာဆင်နယ် ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့ဖူးတဲ့ ဇူဘီမန်ဒီ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရေဒါထဲမှာပါ ပါဝင်နေတဲ့ ဇူဘီမန်ဒီက ဒီတစ်ခါတော့ လီဗာပူးလ်ဆီ ပြောင်းရွှေ့တော့မလားလို့ ထင်လိုက်ရချိန်မှာပဲ သူရဲ့ ကလပ်အသင်းဖြစ်တဲ့ ဆိုစီဒက်ဘက်ကနေ စာချုပ်သစ် ကမ်းလှမ်းလာခဲ့ချိန်မှာတော့ ဇူဘီမန်ဒီဟာ သစ္စာရှင်ကြီး ဖြစ်သွားပါတော့တယ်။ လီဗာပူးလ် ဘက်ကနေ ကမ်းလှမ်းထားတဲ့ လုပ်ခလစာထက် အများကြီး လျှော့နည်းနေတဲ့ ဆိုစီဒက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုသာ ဇူဘီမန်ဒီက ရွေးချယ်လိုက်ပြီး လီဗာပူးလ်ကိုပါ ငြင်းပယ်လိုက်ပါတော့တယ်။

martin zubimendi

Photo Credit: Goal

တကယ်တော့ အသက် (၂၅)နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမားက သူရဲ့ စီနီယာ ကစားသမားဘဝကို ဆိုစီဒက်မှာပဲ စတင်ခဲ့တာ ဖြစ်ပြီးတော့ အခုဆိုရင် ဆိုစီဒက်အတွက် ပြိုင်ပွဲစုံ (၁၈၇)ပွဲအထိတောင် ကစားခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒီအသင်းနဲ့ပဲ ၂၀၁၉-၂၀ တုန်းက ကိုပါဒယ်ရေး ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို မနှစ်ကဆိုရင်လည်း ချန်ပီယံလိဂ်ပါ ဝင်ကစားခွင့် ရခဲ့တဲ့ ဇူဘီမန်ဒီက သူ့ကို ဆိုစီဒက်ဘက်ကနေ စာချုပ်သစ် ကမ်းလှမ်းလာဖို့အတွက် လီဗာပူးလ် အသင်းကို စိတ်ဝင်စားသယောင်ယောင်များ လုပ်ပြလိုက်တာလားလို့ ထင်ချင်စရာပါပဲ။ လီဗာပူးလ်ကတော့ ဒီနွေအတွက် ကနဦး ပစ်မှတ်ရဲ့ ပလေးတာကို ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။

Featured Photo: SPORTbible