စာဖတ်သူတို့ အခုကတည်းက သင်္ကြန်အားလပ်ရက်ကို ဖြတ်သန်းဖို့ Plan တွေ ဆွဲနေကြလောက်ပြီ ထင်ပါရဲ့။ နှစ်သစ်ကူး ရုံးပိတ်ရက်မှာ ခရီးလည်းမသွား ၊ အခြား ထွေထွေထူးထူး လုပ်စရာ Plan လည်းမဆွဲထားပဲ အိမ်တွင်းပဲအောင်းမယ့် ကွီးတို့အတွက် ပိတ်ရက်ရှည်ကြီးမှာ ကြောင်ပျောက် မနေစေဖို့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ညွှန်းပေးချင်ပါတယ်။ ရုပ်ရှင်တွေ တဝကြီးကြည့်ပြီး သင်္ကြန်အားလပ်ရက်ကို အထာကျကျ ဖြတ်သန်းမယ့် ကွီးတို့ကတော့ အခုပြောပြမယ့် ဇာတ်ကားကောင်းလေးတွေကို သေချာပေါက် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါနော်။

(၁) All Quiet On The Western Front (2022)

Source : Netflix

စစ်ကားကောင်းကောင်း ကြည့်ချင်သူတွေအတွက် ဂျာမန်စာရေးဆရာကြီး Erich Maria Remarque ရဲ့ ၁၉၂၈ ခုနှစ်က ရေးသားခဲ့တဲ့ ဂန္တဝင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ All Quiet On The Western Front (2022) ရုပ်ရှင်ဇာတ်ကားလေးကို ပထမဆုံး ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကားက ပထမကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေကို ကျောရိုးယူ ပုံဖော်ရိုက်ကူး ထားတာပါ။ ပထမကမ္ဘာစစ်အတွင်းက စစ်ပွဲတွေရဲ့ ခက်ထန်ကြမ်းတမ်းမှုတွေ ၊ စစ်သားတွေရဲ့ ဖြတ်သန်းမှုဘဝအဖုံဖုံကို လေးနက်စွာ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) The Irishman (2019)

Source : Netflix

၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Irishman ရုပ်ရှင်ကတော့ Al Pacino ၊ Robert De Niro ၊ Joe Pesci နဲ့ Harvey Keitel တို့လို ဒိတ်ဒိတ်ကြဲ မင်းသားကြီးတွေပါဝင် ရိုက်ကူးထားတဲ့ အနှစ်ကျကျ Crime / Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက Taxi Driver ၊ Casino ၊ Shutter Island တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာကြီး Martin Scorsese ရဲ့ အကောင်းဆုံး ဖန်တီးမှု လက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အမေရိကန် စာရေးဆရာ Charles Bandt ရဲ့ I Heard You Paint Houses ဝတ္ထုကို မှီငြမ်းပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး မာဖီးယား ၊ ဂိုဏ်းစတား ရုပ်ရှင်တွေကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ Epic Gangster Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) Darkest Hour (2017)

Source : Universal Pictures UK

Darkest Hour ဇာတ်ကားကတော့ သမိုင်းနောက်ခံ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ဒီဇာတ်ကားက ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီး စာဖတ်သူတို့ကြည့်ဖူးနေကျ အတ္ထုပတ္တိရုပ်ရှင် ပုံစံတွေထဲက ကွဲထွက်နေတဲ့ မတူညီတဲ့ ရသအသစ်တစ်မျိုးကို ခံစားရစေမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သမိုင်းနောက်ခံ အကြောင်းအရာတွေအများကြီးကို လေ့လာခွင့်ရမှာဖြစ်သလို တိုင်းပြည်ကို ကယ်တင်နိုင်ရုံတင်မကဘဲ သမိုင်းလမ်းကြောင်းကိုပါ ပြောင်းလဲစေခဲ့တဲ့ ချာချီရဲ့ ဆုံးဖြတ်ချက် ၊ မိန့်ခွန်းတွေကိုလည်း ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Joe Wright က ပုံဖော်ဖန်တီးထားတာ ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ ဇာတ်ကောင်နေရာမှာ Gary Oldman က အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ ချာချီရဲ့ ဇာတ်ရုပ်ကို ရုပ်လုံးပေါ်အောင် အပြောင်မြောက်ဆုံး ပါဝင်သရုပ်ဆောင် ထားပါတယ်။

(၄) Bullet Train (2022)

Source : Sony Pictures Entertainment

အက်ရှင်ဇာတ်ကား ခပ်မိုက်မိုက်မှ ကြည့်ချင်သူတွေအတွက် မင်းသားကြီး Brad Pitt အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Bullet Train ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းသားချော Brad Pitt ကို ပရော်ဖက်ရှင်နယ် ကြေးစားဇာတ်ကောင်နေရာကနေ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကြေးစားအလုပ်ကနေ အချိန်တော်ကြာအနားယူပြီး ဘဝသစ်ကို အေးချမ်းစွာ ဖြတ်သန်းနေရင်း တစ်ရက်မှာတော့ မစ်ရှင်အသေးလေးတစ်ခုကို လက်ခံလိုက်ရာကနေ ထင်မှတ်မထားပဲ ဂိမ်းထဲပြန်ရောက်ခဲ့ပြီး လူဆိုးဂိုဏ်းတွေ ၊ ကြေးစားတွေနဲ့ တဖန်ပြန်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားလေးမှာ Joey King ၊ Aaron Taylor-Johnson ၊ Brian Tyree Henry ၊ Andrew Koji ၊ Hiroyuki Sanada ၊ Michael Shannon ၊ Sandra Bullock နဲ့ Bad Bunny တို့လို နာမည်ကြီး အများကြီး ပါဝင်အားဖြည့် ရိုက်ကူးထားပါတယ်။

(၅) No Hard Feelings (2023)

Source : Sony Pictures Entertainment

No Hard Feelings ဇာတ်ကားလေးကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ မမ Jennifer Lawrence ရဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ Jennifer Lawrence နဲ့ အတူတွဲ သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ 2002 Born အဆိုတော်/သရုပ်ဆောင်လေး Andrew Barth Feldman ပါ။ ဇာတ်ကားထဲမှာလည်း မမနဲ့ မောင်လေး ဇာတ်ရုပ်ကို ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ မမ Jennifer Lawrence ရဲ့ အမာခံဖန်တွေ အကြိုက်တွေ့စေမယ့် ပေါ့ပေါ့ပါးပါး အချစ်ဟာသ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

Source : Movieweb

Photo : Medium