အနောက်နိုင်ငံများက အောက်တိုဘာလ ၃၁ ရက်နေ့ကို ဟောလိုးဝင်းပါတီ ကျင်းပလေ့ရှိကြပြီး ကလေးငယ်ရော လူကြီးပါမကျန် ဟောလိုးဝင်းပါတီကို ပျော်ပျော်ပါးပါး ဆင်နွှဲလေ့ရှိကြပါတယ်။ ကွီးတို့လည်း ဟောလိုးဝင်း ညမှာ သူငယ်ချင်းတွေနဲ့အတူတူ ဘော်ဒါတွေ ပျော်ပျော်ပါးပါး ဇာတ်ကား ကြည့် လိုက်၊ ဂိမ်းဆော့လိုက်နဲ့ ပျော်ပါးနိုင်ပါတယ်။

ဟောလိုးဝင်း ညမှာ ရှယ်ကြမ်းပြီး ရှယ်ခြောက်တဲ့ သရဲကားတွေ ကြည့် ရင်တော့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာပေါ့။ အဲ့ဒီလိုမျိုး ရှယ်ကြမ်း ရှယ်ခြောက်တဲ့ ကားတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ရွေးချယ် ကြည့်ရှုနိုင်ပါတယ်။ ဇာတ်ကား ကြည့်နေရင်းနဲ့ လိပ်ပြာ လွှင့်မသွားအောင်တော့ ကြိုးစားဖို့တော့ လိုပါလိမ့်မယ်။

(၁) The Nun II

The Nun II ကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတာပဲဖြစ်ပါတယ်။ Conjuring ဖန်တို့ The Nun ဖန်တို့ကတော့ ဒီကားမျိုးကို မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ၁၉၅၆ ခုနှစ်မှာ ပြင်သစ်က ဘုန်းတော်ကြီးတစ်ပါးသည် ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ပဲ စစ်စတာ အိုင်ရင်းတစ်ယောက် ဘုန်းတော်ကြီးရဲ့ ပျံလွန်တော်မူခြင်းကို စုံစမ်းရန်အတွက် အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ပဲ စွမ်းအားကြီး မကောင်းဆိုးဝါးတစ်ကောင်နဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ရပါတော့တယ်။ ထိုမကောင်းဆိုးဝါးကို စစ်စတာ အိုင်ရင်းတစ်ယောက် နှိမ်နင်းနိုင်ပါ့မလား။

အဖြေ သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်။

Source: Warner Bros. Pictures

(၂) The Grudge

ရုပ်ရှင်ပိုစတာ မြင်လိုက်ရုံနဲ့ ကျောတချမ်းချမ်းဖြစ်သွားအောင် ပြုလုပ်ထားတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းကတော့ ဘယ်လောက် ကြောက်ဖို့ကောင်းမလဲဆိုတာ ကွီးတို့ ကိုယ်တိုင် ကြည့်မှ ယုံပါလိမ့်မယ်။

ဇာတ်လမ်း အကျဥ်းချုံးလေးကတော့ ဒီလိုပါ။

လူတစ်ယောက်က ဒေါသတွေ (သို့) ဝမ်းနည်းပူဆွေးမှုတွေ ခြုံလွှမ်းခံရပြီး သေဆုံးသွားတဲ့အခါ ကျိန်စာတစ်ခု ထွက်ပေါ်လာပါတယ်။ ထိုကျိန်စာနဲ့ ထိတွေ့မိတဲ့ လူမှန်သမျှ ဇာတ်သိမ်းက မလှပါဘူး။ ကျိန်စာဖြစ်ပေါ်လာပုံကတော့ ဖောက်ပြန်တဲ့ဇာတ်လမ်းကနေ စတာပါ။

၂၀၀၁ ခုနှစ်တုန်းက တိုကျိုမှာ နေထိုင်တဲ့ Kayako အမည်ရသော အမျိုးသမီးတစ်ယောက်သည် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ပရော်ဖက်ဆာ Peter Kirk ဆိုသူကို တစ်ဖက်သတ်ကြိုက်လွန်းလို့ သူ့အကြောင်းတွေကို သူ(မ)ရဲ့ ဒိုင်ယာရီထဲမှာ ချရေးထားပါတော့တယ်။ သူ(မ)ရဲ့ သဝန်တိုလွန်းတဲ့ ခင်ပွန်းက ထိုဒိုင်ယာရီကို မြင်တဲ့အခါ သူ့မိန်းမ ဖောက်ပြန်တယ်လို့ တစ်ထစ်ချ ယုံကြည်လိုက်ပြီး သူ့မိန်းမ၊ သူ့သားနဲ့ သူတို့ရဲ့ အိမ်မွေးကြောင်လေးကိုပါ သတ်ပစ်လိုက်ပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ ထိုအမျိုးသားသည်လည်း အငြိုးတွေ ပြည့်နှက်နေတဲ့ သူ့မိန်းမ ဝိညာဥ်ရဲ့ သတ်ခြင်းကို ခံလိုက်ပါတယ်။

Peter ဆိုသူက Kayako ထံမှ စာရတယ်ဆိုပြီး Kayako အိမ်သို့ လာတဲ့အခါမှာတော့ အလောင်းများနဲ့ ဝိညာဥ်များကို မြင်တွေ့လိုက်ရတဲ့အခါ ထိုနေရာကနေ ကြောက်လန့်တကြား ထွက်ပြေးလာပါတော့တယ်။ သူ အမှန်တကဘ် လွတ်မြောက်ပါ့မလား။

Source: Bendermac

(၃) The Conjuring: The Devil Made Me Do It

1981ခုနှစ်က တကယ့်ဖြစ်ရပ်ဆန်းကျယ် မကောင်းဆိုးဝါး ဝင်ပူးပြီး လူသတ်မိတဲ့ လူသတ်မှုနဲ့ တရားရင်ဆိုင်ရတဲ့ Arne Johnsonရဲ့ အကြောင်းကို Conjuring 3ရုပ်ရှင်မှာ အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ပုံမှန် သရဲခြောက်တဲ့ အိမ်ပုံစံ ဇာတ်လမ်းတွေကနေ ခွဲထွက်ပြီး မကောင်းဆိုးဝါးဝင်ပူးပြီး လူသတ်တာသာဖြစ်ကြောင်းကို တရားရင်ဆိုင်ရတဲ့ Arne Johnsonဘက်ကနေ Warrenလင်မယားက အမှန်တိုင်း လူသိရှင်ကြားချပြကြရမယ့် caseဖြစ်ပါတယ်။ USရဲ့ သမိုင်းမှာ ပထမဆုံးအဖြစ် သံသယရတရားခံဟာ မကောင်းဆိုးဝါးဝင်ပူးပြီး သတ်တာသာဖြစ်ကြောင်း ပြန်ချေပတဲ့ အမှုအကြောင်းပါပဲ။ ဒီရုပ်ရှင်မှာ တကယ့်အပြင်က Arne Johnson ကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးမှုမှာပါဝင် ကူညီထားပါသေးတယ်။

Source: Warner Bros. Pictures

(၄) The Babadook

ဒီဇာတ်လမ်းကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဟောလိုးဝင်း ညမှာ ခြောက်ခြောက်ခြားခြား ကြည့်ချင်သူများအတွက် နောက်ထပ် ရွေးချယ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Amelia ဆိုသူသည် Single Mother တစ်ယောက်ဖြစ်ပြီး Sam လို့ခေါ်တဲ့ ချစ်စဖွယ်သားလေးကို ထိန်းကျောင်းစောင့်ရှောက်နေတာပါ။ သူ(မ)သည် သူ့သားကို ညတိုင်းလိုလို အိပ်ရာဝင်ပုံပြင်များနဲ့ ချော့သိပ်လေ့ရှိပါတယ်။ တစ်ညမှာတော့ သရဲပုံပြင်ကို ဖတ်ပြပေးပါလို့ သူ့သားက တောင်းဆိုတော့ သရဲပုံပြင်ကို ဖတ်ပြလိုက်ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ Sam တစ်ယောက်သည် ပုံမှန်နဲ့မတူဘဲ ထူးခြားစွာ ပြုမူနေပါတော့တယ်။ ပြီးတော့ သူတို့အိမ်ရဲ့ မြေအောက်ခန်းမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိတယ်ဆိုပြီး သူ့အမေကို ပြောပါတော့တယ်။

Sam ပြောတာ အမှန်လား၊ သူပဲ စိတ် ထင်ယောင်ထင်မှား ဖြစ်နေတာလား ဆိုတာကို သိချင်ရင်တော့ The Babadook ဇာတ်ကားကို ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။

Source: Rotten Tomatoes Trailers

ကွီးတို့ရော ဟောလိုးဝင်းညမှာ ဘာတွေ လုပ်ဖို့ စီစဥ်ထားပါသလဲ။ ခြောက်ခြောက်ခြားခြား သရဲကားတွေ ကြည့်ဖို့ရော စိတ်မဝင်စားဘူးလား။