လူတိုင်းမှာ တူညီတဲ့ အိပ်မက်တစ်ခု ရှိပါတယ်။ ထိုအိပ်မက်ကတော့ ပိုက်ဆံစု ပြီး ချမ်းသာ လာချင်ကြတာပါ။ လူချမ်းသာများ၊ လူကုံထံအသိုင်းအဝိုင်းများနည်းတူ ချမ်းသာလာချင်တယ်ဆိုရင်တော့ ပိုက်ဆံစုရုံ တစ်ခုတည်းနဲ့ မရပါဘူး။ ကမ္ဘာပေါ်မှာ ကျိကျိတက် ချမ်းသာနေတဲ့ သန်းကြွယ်သူဌေးများကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ သူတို့သည် ဝန်ထမ်းဘဝနဲ့ ရောင့်ရဲနေပြီး ဝန်ထမ်းလစာနဲ့ ပိုက်ဆံစုနေကြတာမဟုတ်ပါဘူး။ စွန့်ဦးတီထွင်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ကာ တစ်စထက် တစ်စ ချမ်းသာလာအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ပိုက်ဆံစု ရုံ တစ်ခုတည်းနဲ့ ချမ်းသာ မလာဘူးဆိုတာ ညိုကီတို့ သိသွားလောက်ပြီလို့ ထင်ပါတယ်။ ပိုက်ဆံ စုရုံ တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုရင် ဘာတွေ ထပ်လုပ်ရဦးမှာလဲ။

ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာ သိရှိအောင် လုပ်ပါ

ပိုက်ဆံစု ချမ်းသာ

အရင်ဦးဆုံး ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်၊ ကိုယ့်ရဲ့ အိပ်မက်ကို အရင်ဦးဆုံး သိရှိအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်သည် ဘယ်အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကြောင်း ပြုချင်တာလဲ။ စီးပွားရေး လုပ်ငန်းနဲ့ အသက်မွေးချင်တာလား။ ဒါဆိုရင် ဘယ်လို စီးပွားရေး လုပ်ငန်းမျိုးကို လုပ်ကိုင်ချင်သလဲဆိုတာ တဆင့်ပြီး တဆင့် စဥ်းစားရမှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ် အနုပညာပိုင်းကို စိတ်ဝင်စားသလား။ ပန်းချီပိုင်းလား၊ အဆိုပိုင်းလား၊ သရုပ်ဆောင်ပိုင်းလား စတာတွေကို စဥ်းစားရတော့မှာဖြစ်ပါတယ်။ ကိုယ် ဝါသနာပါတဲ့ အရာတစ်ခုကို ရွေးချယ်ပြီး ထိုအိပ်မက်ကို အကောင်အထည်ဖော်မယ်ဆိုရင် ဘဝတစ်လျောက်လုံးမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပဲဖြစ်ပါတယ်။ ကိုယ် ဝါသနာပါတဲ့အရာဖြစ်တဲ့အတွက်ကြောင့် ထိုအိပ်မက်ကို အကောင်အထည်ဖော်ရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပါလက်ပါ အကောင်အထည်ဖော်နိုင်မှာပဲ ဖြစ်ပါတယ်။

အကြွေးမယူပါနဲ့

man without money

အကြွေးယူလိုက်၊ ပြန်ဆပ်လိုက်နဲ့ အကြွေး သံသရာထဲမှာ လည်ပတ်နေမယ်ဆိုရင်တော့ သူဌေးဖြစ်လာဖို့ အလားအလာ မရှိတော့ပါဘူး။ အကြွေး သံသရာထဲမှာပဲ ပိတ်မိနေတဲ့အခါ ပိုက်ဆံစုဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် ပြုလုပ်ပြီး အကြွေး မယူရအောင် ကြိုးစားပါ။ ရင်းနှီး မြှုပ်နှံဖို့ ပိုက်ဆံမလုံလောက်သေးဘူးဆိုရင်လည်း ချေးငှားယူပြီး စီးပွားရေး စလုပ်ခြင်းထက် ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီး စုဆောင်းမိအောင် အရင်ကြိုးစားလိုက်ပါ။

ဂရုတစိုက် သုံးစွဲပြီး အသုံးစရိတ်များကို လျော့ချပါ

ပိုက်ဆံစု ချမ်းသာ

လိုအပ်တာနဲ့ လိုချင်တာ နှစ်ခုကို သေသေချာချာ ကွဲကွဲပြားပြားသိအောင် ကြိုးစားသင့်ပါတယ်။ ကိုယ်က ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် အမှန်တကယ် လိုအပ်မှသာ ဝယ်ယူသင့်ပါတယ်။ နို့မဟုတ်ရင် ဝင်ငွေနဲ့ ထွက်ငွေ မမျှတတော့ဘဲ အကြွေးတွေ တင်လာပါတော့မယ်။ ကျားကြီး ခြေရာကြီး ဆိုတဲ့ စကားလို မဖြစ်အောင် ကိုယ့်ရဲ့ အသုံးစရိတ်ကို တဖြည်းဖြည်း တက်မလာအောင် လုပ်ဆောင်ရမှာကတော့ ကိုယ့် တစ်ဦးတစ်ယောက်တည်းရဲ့ တာဝန်သာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံပါ

ပိုက်ဆံစု ချမ်းသာ

အမှန်တကယ် ချမ်းသာချင်တယ်ဆိုရင် ဝန်ထမ်းဘဝမှာပဲ​ သာယာနေလို့မရပါဘူး။ ကိုယ်ကိုယ်တိုင်က သူဌေးဖြစ်အောင်၊ လုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ သန်းကြွယ်သူဌေးတွေ အကုန်လုံးသည် ကိုယ်ပိုင်လုပ်ငန်းနှင့် ရပ်တည်နေကြတဲ့သူတွေချည်းပဲဖြစ်ပါတယ်။ ဝန်ထမ်းဘဝမှာပဲ ပိုက်ဆံစုဆောင်းမယ်ဆိုရင်တော့ ပိုက်ဆံ လောက်ငှရုံသာရှိပြီး တကယ်တမ်း ချမ်းသာလာဖို့ အခွင့်အလမ်းမရှိပါဘူး။ နေထိုင် စားသောက်ဖို့ လောက်ငှရုံသာ ရှိပါလိမ့်မယ်။

အလုပ်တစ်ခုတည်း မလုပ်ပါနဲ့

ပိုက်ဆံစု ချမ်းသာ

ကိုယ်က လုပ်ငန်းရှင်ဖြစ်ဖို့ (သို့) ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံ​စုဆောင်းနေတဲ့အချိန်မှာ အလုပ်တစ်ခုတည်း လုပ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ နောက်ထပ် အလုပ်တစ်ခုကို အချိန်ပိုင်းဖြစ်ဖြစ် လုပ်ကိုင်မှသာလျှင် အပိုဝင်ငွေ ဝင်မှာပဲဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ပိုက်ဆံတွေ ပွားများလာအောင် ကြိုးစားနိုင်ပါတယ်။ အလုပ်နှစ်ခု လုပ်နေရတဲ့အတွက်ကြောင့် ရတဲ့ စိတ်ဖိစီးမှုကလည်း အလုပ်တစ်ခုတည်း လုပ်တဲ့သူတွေထက် ပိုများကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ စိတ်ဖိစီးမှုများကို ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ပိုက်ဆံစု ရုံ တစ်ခုတည်းနဲ့ ချမ်သာ လာမယ်လို့ ထင်ပါသလား။

Source: Finance.yahoo

Featured Image: Freepik