အလုပ်တစ်ခု ခန့်ခြင်း/မခန့်ခြင်းဟာ အင်တာဗျူးဖြေဆိုတဲ့ ပုံစံပေါ်မူတည်ပြီး ရလဒ်တွေအမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။ အတွေ့အကြုံရှိတဲ့ ပရော်ဖက်ရှင်နယ်တွေတောင်မှ အလုပ်အင်တာ‌ဗျူး ဖြေဆိုရာမှာ အမှားအယွင်း/အခက်အခဲ တချို့ရှိတက်ပါတယ်။ သင်ဟာ အလုပ် ရဖို့ ကြိုးစားနေသူတစ်ယောက် ၊ ဒါမှမဟုတ် ပထမဆုံးအကြိမ် အလုပ် အင်တာဗျူး ဖြေဆိုရမယ့်သူတစ်ယောက်ဆိုရင် အခုပြောပြမယ့် အမှားတွေကို သတိထား ရှောင်ကြဉ်ဖို့ မဖြစ်မနေလိုပါမယ်။

(၁) ကုမ္ပဏီအကြောင်း Research မလုပ်ခြင်း

job interview
Photo : Dice

ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းရှိတဲ့သူက တာသွားတာပါပဲ။ သင့်မှာ အလုပ် တစ်ခုလုပ်ဖို့ လုံလောက်တဲ့ အရည်အချင်းကောင်းတွေ ရှိကောင်းရှိနေတယ်ဆိုရင်တောင် သင့်ရဲ့စိတ်အားထက်သန်မှု ၊ အလုပ်အပေါ်စိတ်ဝင်စားမှုကို အလုပ်ရှင်သိအောင် ပြသဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်အလုပ်လျောက်ထားတဲ့ ကုမ္ပဏီက ကိုယ်ကို ပထမခြေလှမ်းအနေနဲ့ အခွင့်အရေးပေးလာတယ် အင်တာဗျူး ဖြေဆိုခွင့်ပေးလာတယ်ဆိုရင် ဒီကုမ္ပဏီနဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ကိုတော့ ကြိုတင်လေ့လာသွားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကုမ္ပဏီအပေါ် ကိုယ်ဘယ်လောက်အထိ စိတ်ဝင်စားတယ် ၊ ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှုရှိတယ်ဆိုတာကို ပြသရာရောက်စေမှာပါ။

(၂) လက်ရှိ သို့မဟုတ် အရင်အလုပ်အကြောင်း မကောင်းပြောခြင်း

job interview

Photo : Randstad Canada

လက်ရှိ အလုပ် သို့မဟုတ် အရင်အလုပ်ကနေ ဘာလို့ထွက်ခဲ့တာလဲဆိုတဲ့မေးခွန်းက အင်တာဗျူး တွေမှာ မေးလေ့မေးထရှိပါတယ်။ သင်သိထားရမှာက အင်တာဗျူးခေါ်တယ်ဆိုတာ အရင်အလုပ်ရှင်ကို တိုင်ကြားဖို့ သို့မဟုတ် ဝေဖန်ဖို့ ဖိတ်ခေါ်ခြင်းမဟုတ်ဘူးဆိုတာပါ။ သင့်အနေနဲ့ အရင်အလုပ်မှာ ဘယ်လိုပဲအဆင်မပြေတာရှိခဲ့ပါစေ မကောင်းပြောတာ အပျက်သဘောဆောင်တဲ့ ဝေဖန်မှုတွေပြောတာထက် လက်ရှိအချိန်မှာ ပိုတိုးတက်ကောင်းမွန်တဲ့ အခြေအနေကိုရောက်နေပြီလို့ပဲ ရိုးရှင်းစွာပြောပါ။ အလုပ်ရှင်အသစ်ထံ သင်ရဲ့ ပြီးခဲ့တဲ့အလုပ်က ပြဿနာတွေ ၊ အဆင်မပြေမှုတွေကို ဖီလင်အရမ်းထားပြီး မကောင်းပြောတာဟာ သင့်ပုံရိပ်ကို ထိခိုက်ရုံကလွဲပြီး ဘာမှထူးခြားတဲ့ ရလဒ်ထွက်စေမှာ မဟုတ်ပါဘူး။

(၃) Body Language မသုံးခြင်း

job interview

Photo : The Balance

သင်ဟာအလုပ်ရှင်တစ်ယောက်ဆိုရင် တက်ကြွတဲ့လူနဲ့ ကျောက်ရုပ်လို ဒါမေးဒါဖြေလုပ်နေသူမှာ ဘယ်သူ့ကို အလုပ် ပိုခန့်ဖြစ်မလဲ စဉ်းစားကြည့်ပါ။ ဟုတ်ပါတယ် ကျွန်တော်တို့ စကားပြောဆိုရာမှာ Body Language က အရမ်းကို အရေးပါပါတယ်။ သင့်ဟာ တက်ကြွပြီး စိတ်အားထက်သန်မှုရှိတဲ့ လူတစ်ယောက်ဆိုတာကို သင့်ရဲ့ Body Language ကိုယ်ဟန်လှုပ်ရှားမှုပုံစံတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် အင်တာဗျူး ဖြေတဲ့အခါ မေးခွန်းမေးတဲ့သူနဲ့ Eye Contact ရှိခြင်း ၊ ကိုယ်ဟန်အနေအထားကောင်းမွန်အောင်ထိန်းသိမ်းခြင်း ၊ ရွှင်ပြတဲ့ အပြုံး/ မျက်နှာအမူအရာနဲ့ လေးနက်တဲ့ လက်ဆွဲနှုတ်ဆက်ခြင်းတွေ ရှိဖို့ သိပ်ကိုအရေးကြီးပါတယ်။

(၄) မပြတ်သားတဲ့ အဖြေများနဲ့ တောင်ရောက်မြောက်ရောက် အဖြေများ ဖြေကြားခြင်း

job interview

Photo : Burchard & Associates, Inc.

အင်တာဗျူး မှာ မေးတဲ့မေးခွန်းတွေကို မဖြေခင် စက္ကန့်အနည်းငယ်လောက် အချိန်ယူစဉ်းစားပါ။ သင့်ရဲ့အဖြေဟာ တိကျပြတ်သားပြီး ယုံကြည်မှုအပြည့်အဝ ရှိနေဖို့လည်း အရေးကြီးပါတယ်။ ဒါဟာ သင့်ရဲ့ အင်တာဗျူးဖြေဆိုမှု ခရီးကိုပိုတွင်စေဖို့ ကူညီပေးပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ မေးခွန်းတိုင်းကို မပြတ်မသားနဲ့ အဖြေတွေက တောင်ရောက်မြောက်ရောက် ဖြစ်နေရင် သင့်အတွက်အလုပ်ရဖို့ အခွင့်အရေးက သူများတွေထက် ခြေတစ်လှမ်းနောက်ကျ သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဖြေဆိုချင်တဲ့အကြောင်းအရာ အချက်အလက်တွေကို တိတိကျကျ ပြတ်ပြတ်သားသားနဲ့ ရဲဝင့်စွာပဲ ဖြေကြားဖို့ အကြံပေးချင်ပါတယ်။

(၅) CV ဖောင်မှာ မမှန်ကန်တဲ့ အချက်အလက်တွေ ထည့်သွင်းဖော်ပြခြင်း

Photo : UF CJC Online – University of Florida

အလုပ်တစ်ခုလျှောက်တဲ့အခါ ရိုးသားမှုက အရမ်းအရေးကြီးပါတယ်။ လူထင်ကြီးအောင် သင့် CV ဖောင်မှာ မှန်တာတွေရော မမှန်တဲ့အချက်အလက်တွေပါ ထည့်သွင်းရေးသားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ဒါဟာ သင့်ကို အလုပ်ရမယ့် အခွင့်အရေးကနေ သွေဖယ်သွားနိုင်ပါတယ်။ မရိုးသားမှုတွေဟာ ဘယ်တော့မှ ကြာကြာဖုံးထားလို့မရနိုင်တဲ့အတွက် သင့်ရဲ့အလိမ်အညာလုပ်ဇာတ်တွေက အင်တာဗျူး ဖြေဆိုချိန်မှာ သို့မဟုတ် အလုပ်ခွင်ထဲရောက်ချိန်မှာ ဘူးပေါ်သလို ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်အရည်အချင်း အစစ်အမှန်ကိုပဲ ထုတ်ပြပြီး ရိုးသားမှုကို ရှေ့တန်းတင်ဖို့ အကြံပေးချင်ပါတယ်။

(၆) အကျိုးခံစားခွင့်တွေအကြောင်းပဲ ဦးတည်မေးမြန်းခြင်း

Photo : The Balance

အင်တာဗျူး ဖြေဆိုတဲ့အခါ ကုမ္ပဏီအကြောင်း အလုပ်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စိတ်ဝင်တစား မေးခွန်းထုတ်တာထက် လစာဘယ်လောက်ရမှာလဲ ၊ လုပ်သက်ဘယ်လောက်ကြာရင် လစာတိုးမလဲ ၊ ပိတ်ရက်ခံစားခွင့်တွေ ဘယ်လိုရှိလဲ စတဲ့အရာတွေကိုပဲ ဦးတည်မေးနေမယ်ဆိုရင် သင်ဟာ အလုပ် လုပ်ဖို့ထက် အကျိုးခံစားခွင့်တွေကိုပဲ ပိုလိုလားသူဆိုတာ သိသာနေပါပြီ။ တကယ်တော့ အကျိုးခံစားခွင့်တွေဟာ ကုမ္ပဏီတစ်ခုရဲ့သတ်မှတ်စည်းမျဉ်းအတိုင်းရှိနေမှာဖြစ်သလို သင်ကြိုးစားရင် ကြိုးစားသလောက် ရပိုင်ခွင့် ၊ အခွင့်အရေးတွေဟာလည်း မေးခွန်းထုတ်စရာမလိုအောင် ရလာမှာပါ။ ဒါကြောင့် အင်တာဗျူးမေးသူကို တန်ပြန်မေးခွန်းတွေမေးတဲ့အခါ အလုပ်နဲ့ပတ်သတ်တဲ့အရာတွေထက် လစာနဲ့ ပိတ်ရက်လို ခံစားခွင့်တွေအကြောင်းပဲ ဦးတည်မေးတာကို ရှောင်ကြဉ်ဖို့ သတိပေးချင်ပါတယ်။

အထက်ပါ အချက်တွေအပြင် အလုပ် အင်တာဗျူး ကို အချိန်နောက်ကျမှ ရောက်တာ ၊ အဝတ်အစားကို သေသပ်ကောင်းမွန်စွာ ဝတ်ဆင်ခြင်းမပြုတာ ၊ အင်တာဗျူးဖြေဆိုနေချိန်အတွင်း လက်ကိုင်ဖုန်းနဲ့ တခြားအနှောက်အယှက်ဖြစ်စေမယ့် အရာတွေကို သေချာမပိတ်ခဲ့တာ ၊ ရိုင်းပြတဲ့ ကိုယ်နှုတ်အမူအရာတွေ ပြုလုပ်တာ စတဲ့အချက်တွေကိုလည်း ရှောင်ကြဉ်ဖို့ သတိပေးချင်ပါတယ်။

Featured Photo : Burchard & Associates, Inc.