လတဝက်လည်း ကျိုးလာပြီဆိုတော့ လစာလေးတွေ ကုန်လုနီးပါး ဖြစ်နေကြလောက်ပြီ ထင်ပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။ သို့သော် ဒီလိုဖြစ်တာဟာလည်း ပုံမှန်ရယ်လို့လည်း ပြောလို့မရပြန်ပါဘူး။ ပိုက်ဆံ ဟာ ရှာရခက်သလောက် သုံးတဲ့ အချိန်ကျရင်တော့ ခဏလေးအတွင်းမှာ ကုန်တက်တဲ့ သဘောမှာ ရှိပါတယ်။ ဒီအခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်မှသာ ပိုက်ဆံဟာ သင့်အနားမှာ ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လစဉ်လတိုင်း ငွေကြေးပြဿနာ အမြဲကြုံနေရတဲ့ ကွီးတို့အတွက် လူတိုင်း လိုက်လုပ်လို့ အဆင်ပြေနိုင်မယ့် အခြေခံအကျဆုံး ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်လေးတွေကို ပြောပြပေးပါမယ်။

(၁)  အသုံးစရိတ်ကို စာအုပ်မှာ ချရေးထားပါ

Money

Photo : Ladders

သုံးရင်သုံးသလောက် ကုန်နေတက်တာဟာ ပိုက်ဆံ ပါပဲ။ သတိမထားမိပဲ သုံးနေတုန်းမှာတော့ ဖီလင်က သိပ်ကောင်းပေမယ့် သုံးစရာမရှိတော့တဲ့ အချိန်ကျရင်တော့ သွေးတက်ရပါလိမ့်မယ်။ ဒီလို မဖြစ်ရအောင် သင့်ရဲ့ တစ်နေ့တာ ၊ တစ်ပတ်တာ ၊ တစ်လတာ စသည်ဖြင့် အသုံးစရိတ် အားလုံးကို စာအုပ်တစ်အုပ်မှာ ချရေးထားပါ။ နေ့စဉ်အသေးသုံးငွေက စလို့ မဖြစ်မနေ ကုန်ကျရမယ့် အိမ်လခ ၊ မီတာခ ၊ ဝိုင်ဖိုင်ကြေး ၊ ရေဖိုးမီးဖိုး စတာတွေကိုပါ စာရင်းဇယားနဲ့ ချမှတ်ထားရပါမယ်။ ဒါဆိုရင်တော့ သင်ဟာ မလိုအပ်တဲ့ နေရာတွေမှာ ငွေဘယ်လောက် သုံးနေမိတယ်ဆိုတာကို သတိပြုနိုင်မှာ ဖြစ်ပြီး မလိုအပ်ပဲ ငွေသုံးမိနေတဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ သတိပြန်ကပ် လာပါလိမ့်မယ်။

(၂) စိတ်အလိုလိုက်ပြီး ငွေသုံးတဲ့အကျင့်ကို ရှောင်ရှားပါ

Money

Photo : Everyday Cheapskate

ပိုက်ဆံ သုံးလိုက်ရမှ နေသာထိုင်သာ ရှိသွားတယ်ဆိုတဲ့ သူတွေ လက်ညိုးထိုးမလွဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ သင်လိုသလောက် ငွေထုတ်ပေးနိုင်တဲ့ မှော်ဝင်ငွေထုတ်စက်မျိုး မရှိဘူးဆိုရင်တော့ စိတ်အလိုလိုက်ပြီး ငွေသုံးတက်တဲ့ အကျင့်ကို ရှောင်ရပါမယ်။ သုံးသင့်တဲ့အရာအပေါ် ငွေသုံးလိုက်ရတာက ပြဿနာမရှိပေမယ့် လူတော်တော်များများက တစ်ခါတစ်လေမှာ စိတ်ခံစားမှုနောက်လိုက်ပြီး ငွေကို သုံးကြတဲ့အခါ မကုန်သင့်တာတွေကုန်ပြီး ငွေက ကိုယ့်ဆီမှာ ကြာကြာမြဲနိုင်တော့မှာ မဟုတ်ပါဘူး။ အသုံးနဲ့ အဖြုန်းကို ကောင်းမွန်စွာ ခွဲခြားသိမြင်ပြီး ငွေကို သင့်တော်မှန်ကန်စွာ သုံးတက်မယ်ဆိုရင် သင့်ထံမှာ ငွေမြဲနေဖို့ အလားအလာ ပိုများပါလိမ့်မယ်။

(၃) ရေရှည်အတွက် စဉ်းစားပါ

Money

Photo : Future Generali India Life Insurance

ကြိုတင်မျှော်လင့်မထားတဲ့ ငွေကုန်စရာ ကိစ္စတွေကို လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံရနိုင်ပါတယ်။ ဥပမာအားဖြင့် အရေးပေါ် ကျန်းမာရေး ပြဿနာ ပေါ်လာတာ ၊ နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးတာ ၊ ခိုးဆိုးလုနှိုက်တွေရဲ့ ရန်နဲ့ ကြုံတွေ့ရတာ စသည်ဖြင့်ပေါ့။ ဒီလိုအခြေအနေတွေအတွက် သင့်လစဉ်ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းကို ကြိုတင်ဖယ်ပြီး စုဆောင်းထားသင့်ပါတယ်။ ဒါမှသာ ရုတ်တရက် ငွေကုန်စရာ ကိစ္စပေါ်လာချိန်မှာ ဖြေရှင်းဖို့အတွက် ပိုက်ဆံ အဆင်သင့်ရှိနေမှာပါ။ မဟုတ်ရင်တော့ ချေးရငှားရနဲ့ ဒုက္ခတွေများသလို အကြွေးပေါ်အကြွေးဆင့်ရတဲ့ အကြွေးသံသရာထဲက ရုန်းထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ အကြွေးကင်းကင်းနဲ့ နေထိုင်နိုင်ခြင်းဟာ ငွေကြေး ဖော်ဖော်သီသီ သုံးရတယ်မရှိရင်တောင် သင့်ရဲ့ လစဉ်ဝင်ငွေနဲ့ မျှတမှုရှိရှိ အသုံးစရိတ်ကို ကောင်းစွာ ထိန်းချုပ်ကိုင်တွယ် နိုင်တယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်အတွက် အမျှော်အမြင်ရှိရှိ စဉ်းစားပြီး ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းကို ကြိုဖယ်ပြီး စုသွားဖို့ အကြံပေးချင်ပါတယ်။

(၄) ပိုက်ဆံ သုံးမိစေမယ့် သွေးဆောင်မှုတွေကို ရှောင်ပါ

Money

Photo : Business Insider

အရောင်းသမားတွေကတော့ သူတို့ရဲ့ ကုန်ပစ္စည်း များများရောင်းထွက်ဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဈေးကွက်ချဲ့ထွင်မှု နည်းဗျူဟာတွေနဲ့ ဝယ်သူတွေကို အမျိုးမျိုး ဆွဲဆောင်နေမှာပါ။ ဒီနေရာ စဉ်းစားရမှာက လျှော့ဈေးပေးတိုင်း ၊ ဈေးတန်တယ်ဆိုတိုင်း လျှောက်မဝယ် မိဖို့ပါပဲ။ သင့်အတွက် တကယ်အသုံးဝင်တယ် ၊ လိုအပ်တယ်ဆိုတဲ့ ပစ္စည်းတစ်ခုကို တန်ရာတန်ကြေး ပေးဝယ်ရတာက ပြဿနာမရှိပေမယ့် ဈေးသက်သာလို့ ၊ လျှော့ဈေး ရတုန်းမလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်အတွက် တကယ်မလိုအပ်ပဲ ၊ အရမ်းကြီး အသုံးမဝင်တဲ့ ပစ္စည်းတွေအပေါ် ငွေသုံးခြင်းကိုတော့ သေချာပေါက် ရှောင်ရှားသင့်ပါတယ်။ သင့်ပတ်ဝန်းကျင် ၊ မျက်စိရှေ့မှာ သင့်အိတ်ထဲက ပိုက်ဆံကို သုံးမိစေဖို့ ဆွဲဆောင်နေမယ့် ပရိုမိုးရှင်းတွေ ၊ လျှော့ဈေး ပေးတာတွေက အမြဲရှိနေမှာပါ။ ဒါက ရောင်းတဲ့သူတွေရဲ့ အပြစ်လို့ ပြောလို့ မရပါဘူး။ သင်ဟာ သင်အနေနဲ့ တကယ် မလိုအပ်တာတွေကို ငွေမသုံးမိဖို့ကိုပဲ ကိုယ်တိုင် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ အခြေခံအကျဆုံး ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အချက်လေးတွေကို လိုက်နာမယ်ဆိုရင်ပဲ ကွီးတို့ တစ်လတစ်လ ခေါင်းခဲနေရတဲ့ ငွေကြေးမပြေလည်မှုပြဿနာတွေ အကုန်မဟုတ်တောင် တချို့တဝက် လျော့ပါးသက်သာသွားလိမ့်မယ်လို့ အာမခံပါတယ်။

Source : Al wujud

Featured Photo : LinkedIn