တော့တင်ဟမ် ဟော့စပါးလို အသင်းမျိုးကို မော်ရင်ဟို ကွန်တီတို့လို ကမ္ဘာက်ျာ နည်းပြတွေ ကိုင်တွယ်တာတောင် ဆုဖလားဆိုတာ ဘာမှန်းမသိ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေဆဲသာ ဖြစ်နေရလို့ သကြားမင်း ဆင်းကိုင်တာတောင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့်လည်း ပိုစတီကိုဂလူဆိုတဲ့ သြဇီနည်းပြ လက်ထက်မှာတော့ စပါးက မျှော်လင့်ချင်စရာ အသင်းတစ်သင်းအဖြစ် အသွင်ပြောင်းလာခဲ့ရပါတယ်။
Photo Credit : Goal
သြစတြေးလျ ကစားသမားဟောင်း နဲ့ နည်းပြဟောင်း ဆဲလ်တစ်အသင်းကိုလည်း ပြည်တွင်း ဆုဖလား (၃)လုံး ရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီး ပိုစတီကိုဂလူက စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရချိန်မှာ pundit တော်တော်များများက ပိုစတီကိုဂလူကို ဒီရာသီမှာ အရင်ဆုံး အထုတ်ခံရမယ့် နည်းပြလို့ပါ သတ်မှတ်ကြပါသေးတယ်။ ဟယ်ရီကိန်းလို အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦး ဆုံးရှုံးထားရတဲ့ စပါးက ပိုစတီကိုဂလူ လက်ထက်မှာလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြပေမယ့် စပါးအသင်းဟာ အခုဆို အမှတ်ပေးဇယား ထိပ်ဆုံးမှာပါ ရပ်တည်လို့နေပါတယ်။
Photo Credit : Fabrizio Romano
ကိန်းနေရာအတွက် တောက်လျှောက် အစားထိုးမယ့် ကစားသမားကို ခေါ်ယူထားခြင်း မရှိပဲ ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန် ခံစစ်ကစားသမား ဗန်ဒီဗန် နဲ့ ဂိုးသမား ဗစ်ကာရီယိုတို့လို ကစားသမားတွေကို ခေါ်ယူလိုက်တာက စပါးအတွက် အတော်လေး အကျိုးရှိသွားစေခဲ့ရပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင်သစ် ဖြစ်လာခဲ့တဲ့ ဆွန်ဟောင်မင်ကလည်း ဒီရာသီမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၇)ဂိုးထိ သွင်းယူထားသလို ကစားသမားသစ် မက်ဒီဆန်နဲလည်း တွဲဖက်မိမိ ကစားနေနိုင်ပါတယ်။
Photo Credit : 433 X
အခုဆို စပါးအသင်းက (၉)ပွဲ ကစားထားပြီး နိုင်ပွဲ (၇)ပွဲ သရေ (၂)ပွဲနဲ့ ရှုံးပွဲမရှိအောင် ကစားထားနိုင်သလို မန်ယူနိုက်တက် လီဗာပူးလ်တို့ကိုပါ အနိုင်ယူထားကာ အာဆင်နယ်ကိုလည်း သရေကစားထားနိုင်ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်မှာ (၂)လဆက်တိုက်အထိ ပိုစတီကိုဂလူက တစ်လတာ အကောင်းဆုံး နည်းပြဆုတွေကို ဆွတ်ခူးထားသလို မက်ဒီဆန် နဲ့ ဆွန်ဟောင်မင်တို့ကလည်း သြဂုတ်လ အကောင်းဆုံး နဲ့ စက်တင်ဘာလ အကောင်းဆုံး ကစားသမားဆုတွေကို ရရှိခဲ့ပါတယ်။ ဒါတွေတင် မကသေးပဲ ပရီးမီးယားလိဂ်မှာ (၉)ပွဲ ကိုင်တွယ်ပြီး (၂၃)မှတ်အထိ ရရှိအောင် စံချိန်တင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပိုစတီကိုဂလူက စပါးကို ဘယ်လောက်အထိ ထပ်မံ တွန်းပို့သွားနိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။
Featured Photo : Opta Analyst