လိင်မှုကိစ္စဟာ ကျွန်တော်တို့ သက်ရှိလူသားတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ လိင်မှုရေးရာဟာ ခံစားမှုသက်သက်မဟုတ်ပဲ ကျန်းမာရေးရှု့ထောင်အရ ကြည့်မယ်ဆိုရင်လည်း ကောင်းတဲ့အချက်တွေ ရှိပါတယ်။ Orgasm လို့ခေါ်တဲ့ အထွဋ်အထိပ်ပြီးမြောက်ခြင်းကို ရရှိတဲ့အခါမှာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စေတဲ့အောက်ဆီတိုစင် (ချစ်ခြင်းရဲ့ဟော်မုန်း) တွေ ထုတ်ပေးပါတယ်။ လေ့လာမှုတွေအရ ပုံမှန် လိင်ဆက်ဆံမှု ပြုလုပ်ပေးတာဟာ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချနိုင်စေတယ်လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကိုလည်း မြှင့်တင်ပေးပြီး အိပ်ရာဝင်ချိန်မှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝ တစ်ခု ပိုင်ဆိုင်နိုင်ဖို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) ရင်နှီးပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ

လိင်မှုဘဝ

Photo : Women’s Health Arizona

အိပ်ရာပေါ်က ချစ်ရေးချစ်ရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး တပ်မက်မှုလိုအပ်ဆန္ဒတွေကို တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ဖြစ်ကြတဲ့ စုံတွဲတွေဟာ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝ နဲ့ ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားနိုင်ကြတယ်လို့ သုတေသနပြုချက်တွေမှာ တွေ့ရှိရပါတယ်။ လိင်မှုကိစ္စဟာ ပွင့်လင်းမှုနဲ့ အပေးအယူမျှခြင်းအပေါ် အခြေခံပါတယ်။ ဒါကြောင့် ကိုယ့်ပါတနာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့မကြိုက်တဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။ ရှက်ရွံ့စိတ်တွေ ခဏဖယ်ထားပြီး အိပ်ရာပေါ်မှာ သင်ဖြစ်ချင်တဲ့ စိတ်ကူးနဲ့ ဆန္ဒတွေကို အပြန်အလှန် မျှဝေပါ။ ကိုယ့်ပါတနာရဲ့ လိုအင်တွေကိုလည်း မေးမြန်းကြည့်သင့်ပါတယ်။

(၂) အသစ်အဆန်းတစ်ခုခု စမ်းကြည့်ပါ

လိင်မှုဘဝ

Photo : Freepik

ချစ်ခြင်းရဲ့ နယ်နိမိတ်တွေကို ဖြန့်ကျက်ခြင်းဟာ လိင်မှုကိစ္စမှာ စိတ်အားထက်သန်မှုကို ပိုရစေပါတယ်။ ရင်ခုန်စရာ အတွေ့အကြုံအသစ်တွေ ရဖို့ ရိုးအီနေတဲ့ နည်းလမ်းဟောင်းကြီးထဲက ခွဲထွက်ပြီး ဆန်းသစ်မှုလေးတွေ ရှာဖွေပါ။ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူနိုင်တဲ့အတွက် ဘယ်အရာတွေက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ မတူညီတဲ့ နည်းလမ်းတွေကို စမ်းကြည့်သင့်ပါတယ်။ လိင်စိတ်နိုးဆွပေးနိုင်မယ့် ဆန်းဆန်းပြားပြား ဝတ်စုံတွေ Try ကြည့်ပါ။ အိပ်ရာပေါ်မှာချည်းမဟုတ်ပဲ မတူညီတဲ့ နေရာတွေ (ဥပမာ ရေချိုးခန်း ၊ မီးဖိုချောင်) ကို ပြောင်းလဲ အသုံးပြုပါ။ ကိုယ့်ပါတနာနဲ့ လူကြီးရုပ်ရှင်တွေအတူတူ ကြည့်တာ ၊ Sex Toys တွေအသုံးပြုတာ စတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အသစ်အဆန်းနည်းလမ်းတွေကိုလည်း စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) ရင်ခုန်စရာနေ့ သတ်မှတ်ထားပါ

လိင်မှုဘဝ

Photo : Moncloa

လိင်မှုကိစ္စဟာ နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ရိုးလုပ်စဉ်တစ်ခု မဟုတ်ပါဘူး။ လိင်မှုကိစ္စအတွက် သီးသန့်ရက်တစ်ခု သတ်မှတ်ထားတာက ကိုယ်နဲ့ကိုယ့်ပါတနာကြားက ဆက်ဆံရေးကို ပိုကောင်းစေသလို ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝ တစ်ခုကိုလည်း ပိုင်ဆိုင်နိုင်တယ်လို့ လိင်မှုရေးရာဆွေးနွေးအကြံပေးသူ Therapist တွေက ပြောထားပါတယ်။ ဒါဟာ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေနဲ့ အိပ်ရာပေါ်က ရင်ခုန်စရာအချိန်တွေကို သီးသန့်ခွဲထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ တစ်ပတ်မှာ ၁ ရက် သို့မဟုတ် ၂ ရက်လောက်ကို လိင်မှုကိစ္စအတွက် သီးသန့်အချိန်သတ်မှတ်ထားပါ။ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အာရုံထွေပြားခြင်းတွေ နည်းတဲ့ Weekend လိုရက်တွေကို သတ်မှတ်တာ ပိုကောင်းပါတယ်။ သတ်မှတ်ရက်တွေမှာ အလုပ်နဲ့ နေ့စဉ်တာဝန်တွေကို ခဏမေ့ထားပြီး ကိုယ့်ပါတနာနဲ့ ရင်ခုန်စရာအကောင်းဆုံး အချိန်ကို သီးသန့် ဖြတ်သန်းလိုက်ဖို့ အကြံပြုချင်ပါတယ်။

(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လိင်မှုဘဝ

Photo : Yahoo

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက သင့်ကို အိပ်ရာထဲမှာ သက်လုံကောင်းကောင်းနဲ့ စွမ်းဆောင်ရည်ပိုမို မြင့်မားအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေရုံမက ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ ယုံကြည်မှုပိုင်းမှာ ပိုမိုအားကောင်းစေပြီး လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှုကို ဖြစ်စေပါတယ်။ လိင်မှုဘဝ တိုးတက်ဖို့ တစ်ရက်ကို လေ့ကျင့်ခန်းဘယ်လောက်လုပ်ရမယ်ဆိုတာမျိုးတော့ သီးခြားသတ်မှတ်ထားတာမျိုး မရှိပေမယ့် တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှား အေရိုးဗစ်လေ့ကျင့်ခန်းတွေနဲ့ Strength Training ၂ ရက်လောက် ပြုလုပ်ပေးမယ်ဆိုရင်ပဲ လုံလောက်ပြီလို့ ပြောနိုင်ပါတယ်။

(၅) အချိန်ယူပါ

လိင်မှုဘဝ

Photo : Pexles

သင်ဘယ်လောက်ပဲ အလုပ်များနေပါစေ လိင်မှုကိစ္စနဲ့ ပတ်သတ်ရင် အလျင်စလို မလုပ်မိဖို့ လိုပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းမရောက်ခင် အထိအတွေ့ ၊ အနမ်းအရှိုက်တွေအတွက် အချိန်လုံလုံလောက်လောက် ယူရမှာ ဖြစ်ပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် အထိအတွေ့တွေအတွက် အချိန်ပေးတာက လိင်စိတ်ဆန္ဒကို ပိုမိုနိုးကြားစေပြီး ပြီးပြည့်စုံတဲ့ ခံစားမှုကို ရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ပါတနာနဲ့ နှစ်ပါသွားချစ်စခန်းဖွင့်တဲ့အခါ အထိအတွေ့နဲ့ ရင်ခုန်စရာကောင်းတဲ့ လှုပ်ရှားများအတွက် အချိန်ပေးပါ။

(၆) ကြင်နာပါ

လိင်မှုဘဝ

Photo : Freepik

ရင်ခုန်ပျော်ရွှင်ဖွယ်တွေ့ဆုံမှုတိုင်းဟာ လိင်မှုကိစ္စနဲ့ပဲ အဆုံးသတ်ရမှာ မဟုတ်ပါဘူး။ သင်နဲ့ သင့်လက်တွဲဖော်အတွက် အခြားနည်းလမ်းများစွာနဲ့လည်း ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါတယ်။ အဓိက တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာမှုကို မျှဝေခံစားရင်း ပျော်ရွှင်ကြည်နူးစရာအချိန်တွေကို ဖြတ်သန်းတက်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ အတူတူ ရေချိုးတာ ၊ အပြန်အလှန် နှိပ်နယ်ပေးတာ ၊ ပွေ့ဖက်တာတွေ လုပ်နိုင်ပါတယ်။ ဒီလိုချစ်ခင်ကြင်နာမှုကို ဝေမျှခြင်းဟာ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝ တစ်ခုရဖို့ အထောက်အပံ့ များစွာရစေပါတယ်။

Featured Photo : Freepik