ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ဘရာဇီး ဂန္ထဝင် ကစားသမားဟောင်း ဒန်နီလ်ဆင်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူခဲ့ပြီး ၁၂ အကြာမှာ ဘောလုံးလောကထဲကို တစ်ဖန်ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမားဟာ ဘရာဇီးအောက်တန်း လိဂ်ကလပ် Ibis Sport Club အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : These Football Times

ဘရာဇီးသားဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၉၉၆ ကနေ ၂၀၀၃ အတွင်း ပွဲပေါင်း ၆၁ ပွဲကစားပေးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံမဖြစ်ခင် ၁၉၉၈ ခုနှစ်မှာ ၎င်းရဲ့ မွေးရပ်ဇာတိမြေ ကလပ်အသင်းဖြစ်တဲ့ ဆော်ပေါ်လိုကနေ ရီးရဲလ်ဘက်တစ်အသင်းကို ပြောင်ရွေးကြေး ပေါင် ၂၁.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒန်နီလ်ဆင်ဟာ ၎င်းရဲ့ ကစားသမားဘဝကို ဗီယက်နမ်ကလပ် ဟိုင်ဖုန်းအသင်းနဲ့ ဂရိဒုတိယတန်းကလပ် ကာဗာလာ အသင်းတွေမှာ နောက်ဆုံးကစားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ကစားသမားဘဝ ကနေအနားယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ပါနမ်ဘူကိုဒေသရဲ့ အမြင့်ဘောလုံးပြိုင်ပွဲမှာ ပြန်လည်ကစားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ” ကျွန်တော်ပြောနိုင်တယ် ၊ အခု သဘောတူညီချက်က တရားဝင်ပါ ၊ ကျွန်တော့်ကို ကမ်းလှမ်းခဲ့မှုဟာ မိသားစုကိုလည်း စိတ်လှုပ်ရှားစေခဲ့ပါတယ် ၊ ၁၂ နှစ်အကြာပြီးနောက်မှ ဘောလုံးလောကထဲပြန်လာဖို့ ဖေဖေ ဆုံးဖြတ်လိုက်တာပါ ၊ ဒီနေ့ကစပြီး Ibis Sport Club အသင်းရဲ့အင်္ကျီကို ကျွန်တော်ဝတ်ဆင်သွားပါမယ်” လို့ အပြောင်းအရွေ့ကို အတည်ပြုပြီးနောက် ဒန်နီလ်ဆင်က ၎င်းရဲ့ တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

Ibis Sport Club အသင်းကတော့ ” Ibis အသင်းနဲ့ဆို မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ၊ မနှစ်က ကျွန်တော်အသင်း ပထမအဆင့်ကို တက်သွားခဲ့ပါတယ် ၊ ဒီနှစ်မှာလည်း မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေ ထပ်မံမြင်တွေ့ရအုန်းမှာပါ ” လို့ ပြောခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင် ကစားသမားဟောင်း ဒန်နီလ်ဆင်ဟာ ရီးရဲလ်ဘက်တစ်အသင်းမှာ ၇ နှစ် တာကာလအတွင်း ပွဲပေါင်း ၁၉၆ ပွဲကစားခဲ့ပြီး ဆော်ပေါ်လို အသင်းအတွက်လည်း ပွဲပေါင်း ၁၉၁ ပွဲကစားခဲ့ကာ ကစားသမားဘဝရဲ့ အတောက်အပဆုံး အချိန်တွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် ဒန်နီလ်ဆင်ဟာ ဘော်ဒိုးအသင်းမှာလည်း ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးသလို ဆော်ဒီအာရေးဗျ ၊ ဗီယက်နမ်နဲ့ ဂရိနိုင်ငံတွေမှာလည်း သွားရောက်ကစားခဲ့ဖူးတဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Featured Photo : Daily Mail