ဆောက်သမ်တန် ဟာ ယူနိုက်တက်အသင်း ခေါ်ယူဖို့ မရှိတော့တဲ့ ပီအက်စ်ဗွီ ကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင် ကစားသမား ဂတ်ပို ဟာ နွေရာသီ တစ်လျှောက်လုံး ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက်မှု ရှိခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွေ့ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် Sportsmail ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ပေါင် ၈၄ သန်းနဲ့ ခေါ်ယူလိုက်တာကြောင့် ဂတ်ပိုကို ခေါ်ယူဖို့ မရှိတော့ပဲ အခြားပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ ဆောက်သမ်တန် ၊ အဲဗာတန် ၊ ဖူလ်ဟမ်၊ လိဒ်စ်၊ နော်တင်ဟမ် ဖောရက်စ်နဲ့ အာဆင်နယ်တို့က ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Photo : Daily Mail
ဂတ်ပိုဟာ ပြီးခဲ့တဲ့ရာသီက မယုံနိုင်လောက်အောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ၄ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင်ဟာ အသက် ၂၃နှစ် အရွယ်သာ ရှိသေးပေမယ့် ပီအက်စ်ဗွီအသင်းအတွက် ပွဲပေါင်း ၁၄၆ ပွဲကစားထားပြီး သွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူပေးထားပါတယ်။
ဆောက်သမ်တန်ရဲ့ ပေါင် ၂၁.၄ သန်းနဲ့ ကမ်းလှမ်းမှုကို ပီအက်စ်ဗွီအသင်းဘက်က ပယ်ချခဲ့ပြီးဖြစ်ပေမယ့် သူတော်စင်တွေကတော့ နယ်သာလန်သားကို ဒီနွေရာသီမှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ The Telegraph မှာ ဖော်ပြထားပါတယ်။
ဆောက်သမ်တန်အသင်းဟာ ဒီရာသီအစမှာ ရောထွေးစွာပါဝင်နေပြီး လာမယ့် အင်္ဂါနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ၎င်းတို့ သင်းဟာ လက်ရှိအချိန်အထိ ကစားသမား ခေါ်ယူမှု ၅ ကြိမ် ပြုလုပ်ထားပေမယ့် ယခုအခါ ဂတ်ပိုကို နောက်အကျဆုံး အပြောင်းအရွေ့အဖြစ် ခေါ်ယူဖို့ အလားအလာ ရှိနေပါတယ်။
Photo : Daily Mail
ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟက်တယ်ကတော့ အသင်းကို အားဖြည့်ဖို့ ဆုံးဖြတ်ထားပြီး အလားတူ အဲဗာတန်၊ ဖူလ်ဟမ်၊ လိဒ်စ်နဲ့ နော်တင်ဟမ်ဖောရက်စ် တို့ကလည်း ဂတ်ပိုကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဗွီ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဂတ်ပိုကတော့ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး “အန်တိုနီ အတွက် ပျော်ရွင်စရာဖြစ်ပေမယ့် ကျွန်တော်နဲ့ ကျွန်တော့် အနာဂတ်အတွက်က ဘာမှလွှမ်းမိုးမှု မရှိဘူးလို့ ထင်မိပါတယ်” ၊ ” ဒါတွေက ပဟေဠိတစ်ခုလိုပါပဲ။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဘယ်ပဟေဋ္ဌိနဲ့ အသင့်တော်ဆုံးလဲဆိုတာကို မြင်ရတော့မှာပါ။ ကျွန်တော့်အတွက်ကတော့ ပီအက်စ်ဗွီမှာ ဆက်နေရလည်း မဆိုးပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” လို့ ဂတ်ပိုက ပြောကြားခဲ့ပါတယ်။
Featured Photo : Daily Mail