ပုရိသ တို့ရဲ့ နှလုံး ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် ကြိုးစားခြင်းသည် ကိုယ့်ကျန်းမာရေးအတွက် အားစိုက်ထုတ်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့အားလုံးသိတဲ့အတိုင်းပဲ နှလုံး အားကောင်းဖို့ရန်အတွက် ကူညီပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့သည် လေ့ကျင့်ခန်း (လုံးဝ) မပြုလုပ်တဲ့အခါ နှလုံးရောဂါ ခံစားရနိုင်ချေသည် နှစ်ဆ ပိုမိုမြင့်တက်နေမှာပဲဖြစ်ပါတယ်။
ပုရိသ တို့အနေနဲ့ နှလုံး ရောဂါအခံရှိတယ် (သို့) နှလုံးကျန်းမာရေးကို စိတ်ပူတယ်ဆိုရင် လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်တဲ့အလေ့အကျင့်ကို မွေးမြူရမှာပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများက သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၁၅၀ မိနစ်ခန့် ပြုလုပ်သင့်ကြောင်း အကြံပေးထားပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းအားလုံးသည် တူညီတဲ့အကျိုးရလာဒ်ကို ပေးစွမ်းနိုင်ပါ့မလား။ ဘယ်လေ့ကျင့်ခန်းများက ပုရိသ တို့ရဲ့ နှလုံး ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် အထောက်အပံ့ပေးနိုင်မလဲ။
လမ်းလျှောက်ခြင်း
ဒီလေ့ကျင့်ခန်းက လွယ်လှချည်လားလို့ ကွီးတို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ သို့သော် ဒီလွယ်ကူလှတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းကိုရော ကွီးတို့ မှန်မှန်လုပ်ဖြစ်ပါရဲ့လား။
လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းသည် နှလုံးအားကောင်းအောင် ကူညီပေးနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်လမ်းလျှောက်နှုန်းထက် ခပ်သွက်သွက်လေး လမ်းလျှောက်ခြင်းက ပိုပြီးထိရောက်မှုရှိပါတယ်။ သင့်အနေနဲ့ မည်သည့်အချိန်၊ မည့်သည့်နေရာမှာမဆို လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ကွီးတို့လိုအပ်တဲ့ တစ်ခုတည်းသောအရာကတော့ လမ်းလျှောက်တဲ့အခါ သက်သောင့်သက်သာနဲ့ လျှောက်လှမ်းနိုင်အောင် ကူညီပေးမယ့် အရည်အသွေးကောင်းတဲ့ အားကစားဖိနပ်ကောင်းကောင်းတစ်ရံပဲဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ အလုပ်နားချိန် အချိန်ခဏတဖြုတ်မှာ လမ်းလျှောက်ခြင်း (သို့) အလုပ်ပိတ်ရက်တွေမှာ အချိန်ကြာကြာလမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ တစ်ယောက်တည်း လမ်းလျှောက်ရမှာ ပျင်းတယ်ဆိုရင် စိတ်တူကိုယ်တူ ဘော်ဒါတွေနဲ့ အဖော်စပ်ကာ အတူတူ လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။ လမ်းလျှောက်နေစဥ်မှာ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ Podcast နားထောင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
အလေးတုံးမခြင်း
ခန္ဓာကိုယ်တွင်းရှိ ကြွက်သားများ ကြီးထွားလာအောင် အလေးတုံးမကာ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း နှလုံးကျန်းမာရေးကို မြင့်မားလာအောင် ကူညီပေးပါတယ်။ အလေးတုံးမကာ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကြွက်သားများကို ကြီးထွားကျစ်လျစ်လာစေရုံသာမကဘဲ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကိုလည်း ဖယ်ရှားပေးပါတယ်။ တကယ်လို့ သင့်အနေနဲ့ Gym သွားဖို့ အချိန်မရှိလို့ အလေးတုံးမျိုးစုံနဲ့ မဆော့ကစားနိုင်လို့ စိတ်မညစ်လိုက်ပါနဲ့။ မိမိအိမ်မှာပဲ အလေးတုံးမပါဘဲ ကြွက်သားများ ကြီးထွားလာအောင် ဆော့ကစားနိုင်ပါသေးတယ်။ ဥပမာ – ဒိုက်ထိုးလေ့ကျင့်ခန်းလို့ခေါ်တဲ့ Push-Ups လေ့ကျင့်ခန်းများ၊ ထိုင်ထ Squats လေ့ကျင့်ခန်းများ၊ ဘားတန်းခိုကာ Pull-Ups လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ကြွက်သားများ ကြီးထွားလာအောင် ကူညီပေးတဲ့အပြင် အရိုးများကို သန်မာလာစေတဲ့အပြင် နှလုံးကျန်းမာရေးကိုလည်း အားကောင်းလာစေပါတယ်။
ရေကူးခြင်း
ရေကူးခြင်းသည် ပူအိုက်တဲ့ နွေရာသီမှာပဲ ဆော့ကစားသင့်တာမဟုတ်ပါဘူး။ ဥတုသုံးပါး မရွေး ဆော့ကစားသင့်တဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ အခြားသော လေ့ကျင့်ခန်းများနှင့် မတူတာကတော့ ရေကူးခြင်းသည် ခန္ဓာကိုယ်ကို နာကျင်မှု နည်းနည်းနှင့် အရိုးအဆစ်များကို သန်မာလာစေကာ နှလုံးအဆီဖုံးခြင်း၊ အဝလွန်ခြင်း အစရှိတဲ့ ရောဂါများမှ ကာကွယ်ပေးပါတယ်။ တစ်နေ့လျှင် မိနစ် ၃၀၊ တစ်ပတ်လျှင် ၄ ရက်၊ ၅ ရက်ခန့် ရေကူးပေးခြင်းအားဖြင့် ပုရိသ တို့ရဲ့ နှလုံး ကျန်းမာရေးကို မြှင့်တင်လိုက်ပါ။
ယောဂ ကစားခြင်း
ယောဂ ကစားခြင်းသည် နှလုံးကျန်းမာရေးအတွက် ဘာမှ အထောက်အကူမပေးနိုင်ဘူးလို့ ကွီးတို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သို့သော် ဒီလေ့ကျင့်ခန်းသည် ငြိမ်ငြိမ်လေးနှင့် အသက်မှန်မှန်ရှူကာ ဆော့ကစားခြင်းအားဖြင့် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ယောဂ လေ့ကျင့်ခန်းများသည် နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး တစ်ချိန်တည်းမှာပဲ သွေးပေါင်ချိန်ကို မှန်ကန်အောင် ထိန်းညှိပေးပါတယ်။ ဒါတင်မကသေးပါဘူး၊ ယောဂလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို ပိုမိုသန်မာလာစေပြီး ကြွက်သားများကိုလည်း ကျစ်လျစ်လာစေပါတယ်။
စက်ဘီးစီးခြင်း
စက်ဘီးစီးခြင်းသည် ကွီးတို့ကို တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်အောင် ကူညီပေးနိုင်သည်သာမကဘဲ နှလုံးရောဂါ ခံစားရခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ စက်ဘီးစီးနေတဲ့အချိန်မှာ ခြေသလုံးကြွက်သားများကို အားစိုက်ထုတ်ရပြီး တစ်ချိန်တည်းမှာပဲ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ စက်ဘီးစီးခြင်းသည် စိတ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ထဲမှာ တစ်စုံတစ်ရာကြောင့် စိတ်ညစ်လာတယ်လို့ ခံစားလာရပါက စက်ဘီးစီးပြီး လေကောင်းလေသန့်ရှူရှိုက်ကာ လေညှင်းခံကြည့်လိုက်ပါ။ စိတ်ညစ်စရာများ ပျောက်ကင်းသွားသလို ခံစားရမှာပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် ထောက်ပံ့ပေးမယ့် လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။
ဒါ့အပြင် နှလုံးအထူးကုဆရာဝန်တွေ အသုံးပြုလေ့ရှိတဲ့ စိတ်ဝင်စားစရာကောင်းပြီး ထူးဆန်းတဲ့ အလေ့အကျင့်အချို့လည်း ရှိပါတယ်။ သူတို့သည် ထိုလေ့ကျင့်ခန်းများကို အသုံးပြုကာ နှလုံးကျန်းမာရေးကို မြှင့်တင်ကြတာဖြစ်ပါတယ်။
သူတို့အသုံးပြုကြတဲ့အရာတွေကတော့ Noise-Canceling Earbuds များအသုံးပြုကာ သီချင်းနားထောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် အချိန်ကုန်ဆုံးခြင်း၊ Black Coffee သောက်သုံးခြင်း အစရှိသည်များပဲဖြစ်ပါတယ်။ ထိုအပြုအမူများသည် အရေးမကြီးဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာတော့ အမှန်တကယ် အသုံးတည့်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ နှလုံးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပါတယ်။
Source: Intermountainhealthcare
Featured Image: Lifeextension