ကိုယ် ရွေးချယ်ကာ လျှောက်လှမ်းနေတဲ့ နယ်ပယ်တစ်ခုမှာ ပုရိသ တို့အနေနဲ့ ပရော်ဖက်ရှင်နယ် ဆန်ဆန် အလုပ်လုပ်တတ်ခြင်းသည် အောင်မြင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ သို့သော် ထိုကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်တတ်ဖို့ဆိုရင် အတွေ့အကြုံကောင်းများ၊ အလေ့အကျင့်ကောင်းများ လိုအပ်ပြီး အချိန်အတိုင်းအတာတစ်ခုလည်း လိုအပ်ပါသေးတယ်။ ပုရိသ တို့ရဲ့ စိတ်ကလည်း ပရော်ဖက်ရှင်နယ် ဆန်ဆန် အလုပ်လုပ်တတ်ရမယ်ဆိုတဲ့ စိတ် ရှိမှသာလျှင် ကြိုးစားလို့ရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့စိတ်က တိုးတက်လာအောင် ကြိုးစားချင်စိတ် မရှိဘူးဆိုရင်တော့ ဘဝကြီးသည် ရေသေလိုမျိုးပဲ စီးဆင်းမှုမရှိဘဲ တစ်နေတည်းမှာသာ ရပ်တန့်နေမှာဖြစ်ပါတယ်။

ပုရိသ တို့ ပရော်ဖက်ရှင်နယ် ဆန်ဆန် အလုပ်လုပ်တတ်အောင် ကူညီပေးမယ့် အဓိကအကျဆုံးအချက်ကတော့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ခြင်းပဲဖြစ်ပါတယ်။ လူသားတိုင်းသည် တစ်နေ့လျှင် ၂၄ နာရီစီသာ အချိန်ရကြတာဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များရော၊ အောင်မြင်ဖို့ ကြိုးစားနေကြသူများရော၊ အောင်မြင်ချင်စိတ်လည်းမရှိ ဘာဆိုဘာမှမရှိတဲ့ ပျင်းရိသူများပါ တူညီတဲ့အချိန်အတိုင်းအတားတစ်ခုကို ရရှိကြတာပါ။ မိမိအချိန်ကို အကျိုးရှိရှိ အသုံးချတတ်ခြင်း၊ ပျင်းရိစိတ်မရှိဘဲ အချိန်ရှိသရွေ့ ကြိုးစားတတ်တဲ့ အလေ့အကျင့်ကောင်းများ ပိုင်ဆိုင်ထားခြင်း အစရှိသည်တို့ကြောင့် အောင်မြင်မှု အတိုင်းအတာသည်လည်း ကွာခြားသွားပါတော့တယ်။

ပုရိသ တို့အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင် နယ်ပယ်မှာ အောင်မြင်ချင်ပြီး ပရော်ဖက်ရှင်နယ် ဆန်ဆန် အလုပ်လုပ်တတ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို သိထားသင့်ပါတယ်။

မိမိ လုပ်တဲ့အလုပ်ကို ချစ်ပါ

ပုရိသ ပရော်ဖက်ရှင်နယ်

ဟုတ်ပါတယ်။ ကိုယ် လုပ်တဲ့အလုပ်ကို ချစ်မှ၊ အလုပ်လုပ်ချင်စိတ်၊ ဒီ့ထက်ပိုကောင်းလာအောင် ကြိုးစားချင်စိတ်များရှိလာမှာဖြစ်ပြီး စိတ်ဖိစီးမှု ကင်းကင်းနဲ့ အလုပ်လုပ်နိုင်မှာြဖစ်ပါတယ်။ အလုပ်တိုင်းကတော့ စိတ်ဖိစီးစရာတွေ ရှိကြပါတယ်။ သို့သော် ကိုယ် လုပ်တဲ့အလုပ်က ကိုယ် ဝါသနာပါတဲ့အလုပ်ဆိုရင်တော့ စိတ်ဖိစီးစရာတွေက အချိန်တိုအတွင်း ပျောက်ပျက်သွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ် လုပ်နေတဲ့အလုပ်က ကိုယ် အမှန်တကယ် ဝါသနာပါရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ မိမိလုပ်တဲ့အလုပ်ကို မချစ်ဘူးဆိုရင်တော့ အလုပ်လုပ်ဖို့ကိုလည်း တစ်ခါ အားစိုက်ရမှာဖြစ်ပြီး အလုပ်လုပ်ချင်စိတ်မရှိတဲ့အတွက်ကြောင့် တဖြည်းဖြည်းနဲ့ အချိန်ဆွဲတတ်တဲ့အကျင့်သည်လည်း ကပ်ပါလာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ် လုပ်တဲ့အလုပ်ကို ချစ်ပါ၊ စေတနာပါပါ လုပ်ကိုင်ပါ။ လက်ရှိအခြေအနထက် ပိုမိုတိုးတက်လာအောင် ကြိုးစားပါ။ ဒါဆိုရင်တော့ ကွီးတို့အတွက် အောင်မြင်မှုသည် တဖြည်းဖြည်း ကပ်ပါလာမှာပဲဖြစ်ပါတယ်။

အရေးအပါဆုံးအရာကို ဦးစားပေးပါ

ပုရိသ ပရော်ဖက်ရှင်နယ်

တစ်ပတ်အတွင်းမှာ လုပ်စရာအလုပ်တွေက တောင်ပုံယာပုံ ရှိနေမှာပါပဲ။ အလုပ်တွေ အများကြီးပုံနေတယ်ဆိုရင် ကွီးတို့ရဲ့ အလုပ်လုပ်ချင်စိတ်သည်လည်း ဖမ်းဆုပ်ရခက်နေတတ်ပါတယ်။ ဒါဆိုရင် အလုပ်လည်း ပြီးအောင် အလုပ်လုပ်ချင်စိတ်လည်းရှိအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

အရေးအကြီးဆုံး အရာကို ဦးစားပေးပါ။ ဘယ်နေ့မှာ အလုပ်ပြီးရမလဲဆိုတဲ့ Deadline ဆိုတာ ရှိပါတယ်။ Deadline နဲ့အနီးဆုံး အလုပ်ကို အရင်ဆုံး လုပ်ဆောင်လိုက်ပါ။ ပထမအရေးအကြီးဆုံးကို ဦးစားပေးပါ။ ထို့နောက် ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး စသည်ဖြင့် စီထားကာ အလုပ်လုပ်ဆောင်ရပါမယ်။

တစ်ပတ်စာ၊ တစ်နေ့စာအတွက် အချိန်ဇယား ရေးဆွဲထားပါ

ပုရိသ ပရော်ဖက်ရှင်နယ်

တစ်ပတ် ပြည့်လုနီးပါးရောက်တဲ့အခါ နောက်တစ်ပတ်အတွက် အချိန်ဇယာအသစ်ကို ကြိုတင်ရေးဆွဲထားဖို့လိုအပ်ပါမယ်။ တနင်္လာနေ့မှာ လုပ်ရမယ့်အလုပ်၊ အင်္ဂါနေ့မှာ လုပ်ရမယ့်အလုပ် စသည်ဖြင့် တစ်ရက်စာ တစ်ရက်စာများကို ရေးဆွဲထားလိုက်ပါ။ တစ်ရက်တာ ကုန်သွားတဲ့အခါမှာလည်း ကိုယ့်ရဲ့ အစီအစဥ်အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလားဆိုတာကိုလည်း ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ တစ်ရက်စာ တစ်ရက်စာကို မိမိစီစဥ်ထားတဲ့အတိုင်း အစီအစဥ် ရေးဆွဲနိုင်တယ်ဆိုရင် တစ်လတိတိကြာလာတဲ့အခါ တိုးတက်မှု ဖြစ်စဥ်ကို သိသိသာသာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

ဝီရိယရှိစွာဖြင့် အိပ်ရာစောစော ထပါ

ပုရိသ ပရော်ဖက်ရှင်နယ်

မနက်စောစော အိပ်ရာထခြင်းသည်လည်း ကိုယ့်ရဲ့တစ်နေ့တာ လုပ်ဆောင်စရာများကို မြန်မြန်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ရန်အတွက် ကွီးတို့အနေနဲ့ တစ်ရက်လျှင် ၆ နာရီခန့်မှ ၈ နာရီခန်၌အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတတ်ဖို့ လိုအပ်ပါတယ်။ ညဘက်မှာ စောစော အိပ်ရာဝင်ပြီး မနက်ဘက်မှာလည်း စောစော အိပ်ရာထတတ်တဲ့အလေ့အကျင့်ကို နေ့စဥ်မှန်မှန်ပြုလုပ်သင့်ပါတယ်။ ရုံးပိတ်ရက်တွေမှာလည်း မိမိပုံမှန် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်အတိုင်း အိပ်ရာဝင်၊ အိပ်ရာထဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် အိပ်စက်ချိန်၊ နိုးထချိန်ရောက်တဲ့အခါ သူ့အလိုအလျောက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ရုံးပိတ်ရက်တွေမှာ ပိုအိပ်မိမယ်ဆိုရင်တော့ ရုံးတက်ရက်ရောက်တဲ့အခါ စောစောနိုးထဖို့ရန်အတွက် ခက်ခဲသွားပါလိမ့်မယ်။

ကိုယ့်ကို အာရုံထွေပြားလာအောင် ပြုလုပ်နေတဲ့အရာများကို သတိပြုပါ

man working

ကွီးတို့သည် အလုပ်တစ်ခု လုပ်ဆောင်နေစဥ်မှာ ကွီးတို့ကို အာရုံထွေပြားလာအောင် ပြုလုပ်မယ့်အရာတွေက အများကြီးပါပဲ။ ဖုန်းကနေ တဒေါင်ဒေါင် မြည်လာမယ့် နိုတီတွေ၊ အီးမေးလ် အဝင်အထွက်များ၊ ဆိုရှယ်မီဒီယာပေါ်က သတင်းများ၊ အတင်းအဖျင်းများ စတဲ့အရာတွေက ကွီးတို့ကို အလုပ်မလုပ်ချင်တော့အောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အလုပ်လုပ်နေချိန်မှာ ဖုန်း၊ ဆိုရှယ်မီဒီယာများနှင့် ခပ်ကင်းကင်း နေပါ။ အလုပ် တစ်ခု လုပ်ပြီးသွားမှ စာပြန်စရာရှိတာများကို ပြန်ပေးသင့်ပါတယ်။

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဖျောက်ပါ

man procrastinate

တစ်ခါလေး အချိန်ဆွဲမိလိုက်တာနဲ့ ကွီးတို့ ပင်ပင်ပန်းပန်း ပြင်ထားတဲ့ အစီအစဥ်များအားလုံးသည် ရေစုန်မျောသွားမှာြဖစ်ပါတယ်။ တကယ်လို့ ကိုယ် စိတ်မဝင်စားတဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် ပြုလုပ်ရမယ်လို့ တာဝန်ပေးခံရတဲ့အခါ အချိန်မဆွဲဘဲ အမြန်ဆုံးသာ ပြီးမြောက်အောင် ပြုလုပ်လိုက်ပါ။ ကိုယ် စိတ်မဝင်စားလေ မြန်မြန်ပြီးအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ အချိန်ဆွဲပါ များလာတဲ့အခါ ကွီးတို့ တိုးတက်ရာတိုးတက်ကြောင်းကိုပဲ ပိတ်ပင်နေမှာဖြစ်ပါတယ်။

ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ပုရိသ တို့လည်း ဘယ်လိုနယ်ပယ်မျိုးမှာပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ် ဆန်ဆန် အလုပ်လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။

Source: Successstory

Featured Image: Telegraph