အလုပ်တွေ ပုံနေပေမယ့် အလုပ်လုပ်ချင်တဲ့ စိတ်တွေပျောက်ဆုံးနေတဲ့ အခိုက်အတန့်မျိုး လူတိုင်း ကြုံဖူးကြပါလိမ့်မယ်။ အလုပ်ကမပြီး ၊ အလုပ်ထဲလည်း စိတ်နှစ်လို့မရနဲ့ တဖြည်းဖြည်းစိတ်ထောင်းကိုယ်ကြေ ဖြစ်လာပြီး Stress တွေပိသထက် ပိလာပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ကွီးတို့ရဲ့ အလုပ်လုပ်ချင်စိတ်ကို ပြန်လည်နှိုးဆွပေးနိုင်မယ့် နည်းလမ်းလေးတွေကို အသုံးပြုဖို့ လိုပါတယ်။ ကဲဒါဆို အလုပ် လုပ်ချင်စိတ် ပျောက်ဆုံးနေချိန်မှာ စိတ်ခွန်အား ရစေဖို့ နည်းလမ်းကောင်း တချို့ကို ကြည့်လိုက်ရအောင်ပါ။

(၁) ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ

Photo : Unsplash

အလုပ်လုပ်ချင်တဲ့ စိတ်တွေ ပျောက်ဆုံးနေရတဲ့ အကြောင်းအရင်းကို သိရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖို့လွယ်ပါတယ်။ ဒါကြောင့်အရင်ဆုံး သင်လုပ်ရမှာက ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့နဲ့ အရိုးသားဆုံး ဝန်ခံဖို့ပါပဲ။ အလုပ်ရဲ့ ဖိအားတွေကြောင့် မွန်းကြပ်ပိတ်လှောင်သလို ခံစားနေရတာလား ၊ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လား ၊ လူမှုရေးပြဿနာတွေ ရှိနေလို့လား ဒါမှမဟုတ် သင် ပျင်းနေတာလား စသည်ဖြင့်ပေါ့။ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး ဖော်ထုတ်မှသာလျှင် အသင့်တော်ဆုံး အဖြေကို ရှာတွေ့ပြီး အကောင်းဆုံး ရှေ့ဆက်နိုင်မှာပါ။ ဒါကြောင့် ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေရင် ဒီလိုဖြစ်နေရတာ ဘာကြောင့်လဲဆိုတာကို အရင်ဆုံး ဆန်းစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၂) နေထိုင်မှုပုံစံကို တစ်ချက်ပြန်ကြည့်ပါ

Photo : Lifestyle Okezone

ကိုဗစ် ကာလကစလို့ လူတွေရဲ့ နေထိုင်မှုပုံစံတွေက များစွာပြောင်းလဲလာပါတယ်။ တချို့လူတွေအတွက် ညဘက်မှာကောင်းကောင်း အိပ်မပျော်တာ ၊ စိတ်ဖိစီးမှုများတာ ၊ သောကများတာ ၊ ကျန်းမာရေးနဲ့ အညီ အစားအသောက် ထိန်းသိမ်းမှုပုံစံ မရှိတာ ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ စသည်ဖြင့် မကျန်းမာတဲ့ နေထိုင်မှု ပုံစံတွေကို စွဲစွဲမြဲမြဲ လုပ်နေမိခြင်းကလည်း ကွီးတို့ရဲ့ စိတ်ခွန်အားနဲ့ တက်ကြွလန်းဆန်းမှုကို လျော့ကျစေနိုင်ပြီး အလုပ်ထဲ စိတ်မပါ ဖြစ်စေနိုင်ပါတယ်။ မကျန်းမာတဲ့ နေထိုင်မှုပုံစံတွေ ဆက်တိုက်လုပ်နေမိတယ်ဆိုရင်တော့ Lifestyle ပြောင်းဖို့ အကြံပြုချင်ပါတယ်။

(၃) အနားယူလိုက်ပါ

Photo : Pexels

စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို အတင်းရင်ဆိုင် ခုခံတဲ့နည်းလမ်းက အချိန်တိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းအနားပေးရတဲ့ အချိန်ရှိလည်း လိုပါတယ်။ အလုပ် အပေါ်မှာ လုံးဝစိတ်နှစ်မရပဲ လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်ဆုံးနေတယ်ဆိုရင်တော့ ဖြစ်နိုင်ရင် ၁ ပတ်လောက် ခွင့်ယူပြီး ကောင်းကောင်း အနားယူပစ်လိုက်ပါ။ အလုပ်နဲ့ပတ်သတ်တဲ့ အရာတစ်ခုမှ မတွေးပဲ စိတ်လွတ်လက်လွတ် နားလိုက်ပါ။ ခရီးသွားတာ ၊ မိသားစုနဲ့အချိန်ကုန်ဆုံးတာ ၊ မွေးရပ်မြေကို အလည်ပြန်တာ စသည်ဖြင့် လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ‌

(၄) တိုးတက်မှုကို ပြန်လည်သုံးသပ်ပါ

Photo : AskMen

ကျွန်တော်တို့ စွမ်းဆောင်ခဲ့တဲ့ ပြီးမြောက်အောင်မြင်ခြင်းတွေကို ပြန်လည်တွေးတော အသိအမှတ်ပြုခြင်းနည်းဖြင့်လည်း စိတ်ခွန်အားကို ပြန်လည်ရှာဖွေလို့ ရပါတယ်။ သင်အနေနဲ့ အလုပ် မှာဘာတွေ အောင်မြင်တိုးတက်အောင် လုပ်ဆောင်ခဲ့ပြီးပြီလဲ ၊ တစ်နှစ်ထက်တစ်နှစ် သင့်ဘယ်လောက်အမြင့်ကို တက်လှမ်းနိုင်ခဲ့ပြီးပြီလဲဆိုတာ ပြန်တွေးကြည့်ပါ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ အောင်မြင်ခဲ့ခြင်းတွေကို လွယ်လွယ်မေ့သွားတက်ပါတယ်။ သင်လုပ်နိုင်ခဲ့တဲ့အရာတွေ ၊ စွမ်းဆောင်နိုင်ခဲ့ခြင်းတွေကို ပြန်လည်သုံးသပ်စဉ်းစားပြီး အနာဂတ်မှာ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ဆက်လှမ်းလျှောက်လှမ်းဖို့ ၊ အခုရောက်နေတဲ့နေရာကနေ ပိုမြင့်တဲ့နေရာကို တက်လှမ်းဖို့ စိတ်ခွန်အားနဲ့ တက်ကြွမှုတွေကို နှိုးဆွနိုင်ပါတယ်။

Featured Photo : CNA