ပြီးခဲ့တဲ့ အောက်တိုဘာ (၁၀)ရက်နေ့ကမှ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူလိုက်တဲ့ ဘယ်လ်ဂျီယံ ထိပ်တန်း ကစားသမားကြီး အီဒင် ဟာဇက်ဟာ အသက် (၃၂)နှစ် အရွယ်လေးနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စောစောစီးစီး အဆုံးသတ်လိုက်လို့ ဘောလုံးအသိုင်းအဝိုင်းက အတော်လေး နှမျောနေကြပြီး ဟာဇက်အနေနဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသင့်သေးတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

hazard chelsea real

Photo Credit : Goal

ချယ်လ်ဆီးမှာ အရမ်း အောင်မြင်ပြီး ရီးယဲလ် မက်ဒရစ်အသင်းဆီ ရောက်ရှိသွားချိန် ဟာဇက်ရဲ့ ကစားသမားဘဝက တဖြည်းဖြည်းချင်းနဲ့ အဆင်မပြေမှုတွေ ရုန်းကန်လာခဲ့ရပါတယ်။ ရီးယဲလ်လို အိမ်မက် ကလပ်အသင်းကြီးဆီ ရောက်သွားချိန်မှာ ဒဏ်ရာတွေ မကြာခဏ ရရှိလာပြီး ဒဏ်ရာကြောင့် အနားယူနေရချိန်မှာလည်း ဟာဇက်ရဲ့ ကိုယ်အလေးချိန်တွေက မြင့်မားလာရသလို ဒဏ်ရာကနေ သက်သာလာချိန်မှာလည်း ဟာဇက်က ပုံမှန် ခြေစွမ်းရော ပွဲကစားခွင့်တွေပါ ပျောက်ဆုံးလာခဲ့ရပါတယ်။

hazard real madrid

Photo Credit : Football Espana

အဲ့ဒီလိုနဲ့ (၄)နှစ်အထိ ဖြတ်သန်းပြီးချိန်မှာတော့ ရီးယဲလ်ဘက်က ဟာဇက်နဲ့ အပြီးသတ် လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့ရင်း တစ်ချိန်တုန်းက ပရီးမီးယားလိဂ် စူပါစတား ကစားသမားတစ်ဦးဟာ အသင်းလက်မဲ့ ကစားသမားဘဝကို ရောက်သွားခဲ့ရပါတယ်။ Free agent player ဖြစ်နေစဉ်အတွင်းမှာပဲ ဟာဇက်ကို ကမ္ဘာအရပ်ရပ်က ကလပ်အသင်းတွေက ကမ်းလှမ်းမှုတွေ အသီးသီး လုပ်ဆောင်လာခဲ့ပြီး အဲ့ဒီထဲမှာ ဆော်ဒီ ကလပ်အသင်းတွေရဲ့ အလွန် မက်မောလောက်စရာ ကမ်းလှမ်းမှုတွေလည်း ပါဝင်ခဲ့ကြောင်း ဟာဇက်ရဲ့ ချယ်လ်ဆီး အသင်းဖော်ဟောင်း မီခေးလ်က ဖောက်သည်ချလာခဲ့ပါတယ်။

Photo Credit : SPORTbible

“သူက သူ ဘောလုံးသမားဘဝကနေ ထွက်ခွာချင်ပြီလို့ ကျွန်တော့်ကို ပြောလာတယ်။ ပြီးတော့ ဆော်ဒီဘက်ကနေ ကမ်းလှမ်းမှု (၂)ခု (၃)ခုလောက် ရှိနေတာမို့ တစ်ပတ် ပေါင်(၁)သန်းလောက်ယူပြီး ဆော်ဒီကို သွားလိုက်ရင် ကောင်းမလားဆိုပြီးလည်း မေးသေးတယ်။ ဒါပေမယ့် သူက သူ့ဘဝ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး ဘာမှ ကြီးကြီးမားမား သုံးစွဲတာတွေ မရှိခဲ့တာကြောင့် သူ့ကလေးတွေကို ကြည့်ရှု စောင့်ရှောက်ဖို့အတွက် ပိုက်ဆံ အလုံအလောက် ရှိတယ်လို့ ပြောခဲ့ပါတယ်။” ဆိုပြီး မီခေးလ်က သူ့အသင်းဖော်ဟောင်း ဟာဇက်အကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။

Featured Photo : Goal